
ယူနိုက်တက်ဂိုးသမားအသစ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ကော်တိုရစ်
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဖာဒီနန်က ရီးရဲလ်ဂိုးသမား ကော်တိုရစ်က ဂိုးသမားသစ် လန်မန်းနဲ့ပတ်သက်ပြီး အသံမက်ဆေ့ချ်ပေးပို့ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ကော်တိုရစ်က တစ်နိုင်ငံတည်းသားဖြစ်တဲ့ လန်မန်းဟာ ပရီးမီးယားလိဂ်မှာ အံဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ နံပတ် ၁ ဂိုးသမားနေရာအတွက် ရှာဖွေခဲ့တာဖြစ်ပြီး အဆုံးသတ်မှာ အန့်တ်ဝါ့တ်ဂိုးသမား လန်မန်းကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကို ချိတ်ဆက်ခဲ့ပေမယ့် တရားဝင်တော့ မကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အဲ့အစား လန်မန်းကိုသာ အပြီးသတ်ခေါ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့ပြီး ကော်တိုရစ်ဘက်က အခုလိုမျိုးချီးကျူးခဲ့တာဖြစ်ပါတယ်။
YouTube Channel နဲ့အင်တာဗျူးမှာ ဖာဒီနန်က “ခင်ဗျားတို့သိလား။ ကျွန်တော့်ဆီကို ကော်တိုရစ်က အသံဖိုင်ပို့ခဲ့ပါတယ်။ သူက လန်မန်းနဲ့ပတ်သက်ပြီး အသံဖိုင်ပို့ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူကဘယ်လ်ဂျီယံသားဖြစ်တာကြောင့်ပါ။ သူက သူ့အတွေ့အကြုံအရ အကြံပေးခဲ့တာပါ။ သူက လန်မန်းမှာ ကြီးမားတဲ့အရည်အချင်းရှိနေသလို ပရီးမီးယားလိဂ်မှာ အတွေ့အကြုံမရှိသေးပေမယ့် သူ့စတိုင်အရ အသားကျလိမ့်မယ်လို့ သူ့အမြင်ကိုပြောခဲ့ပါတယ်။
ဒါ့အပြင် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ယောက်ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်အဲ့တာကို နားထောင်ပြီး လူတွေကိုပြန်ပြောပြတာပါ။ ယူနိုက်တက်က သူတိုးတက်တာကိုစောင့်နိုင်မလားဆိုတာပါပဲ။ မာတီနက်ဇ်ကိုသာခေါ်မယ်ဆိုရင်တော့ အသင့်သုံးယုံပါပဲ။ သူက အတွေ့အကြုံလည်းရှိသလို အာဂျင်တီးနားနဲ့လည်း ကမ္ဘာ့ဖလားယူထားနိုင်ပါတယ်။
သူက ဖိုင်နယ်မှာလည်း လက်စွမ်းကောင်းပြထားနိုင်ပါတယ်။ ယူနိုက်တက်အနေနဲ့ အဲ့လိုဂိုးသမားမျိုးလိုအပ်ပေမယ့် လန်မန်းကလည်း အဆင်ပြေနိုင်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ အသက် ၂၃ နှစ်သားဟာ လာမယ့်စက်တင်ဘာ ၁၄ ရက်နေ့ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီမှာ ယူနိုက်တက်အတွက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။