The network connection is lost.

Banner Image

လူငယ်ကစားသမားလေးတွေက နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တနင်္ဂနွေနေ့ညက ဝုဗ်ကို ၀-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အိုးလ်ထရက်ဖို့ဒ်မှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ လူငယ်ကစားသမားတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ သူတို့ဟာ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ လူငယ်ဗဟိုခံစစ်ကစားသမား ဖရက်ဒရစ်ဆန်နဲ့ တောင်ပံကစားသမားလေး ဟယ်ရီအားမက်စ်တို့ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့ကြပါတယ်။ နည်းပြ အာမိုရင်ဟာ လိုင်ယွန်ကို ၅-၄ နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ မိနစ် ၁၂၀ အထိကစားခဲ့ရတဲ့ ကစားသမားအချို့ကို အနားပေးဖို့ဆုံးဖြတ်ခဲ့ပြီး လူငယ်တွေကို နေရာပေးပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ယူနိုက်တက်ဟာ ဝုဗ်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တာကြောင့် လူငယ်ကစားသမားလေးတွေအတွက် ပျော်စရာကောင်းတဲ့ ပွဲဦးထွက် မဖြစ်ခဲ့ပါဘူး။ ဝုဗ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား ဆာရာဘီယာက ဖရီးကစ်မှတိုက်ရိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။  ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “လူငယ်ကစားသမားလေးတွေအနေနဲ့ ပွဲဦးထွက်မှာ ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်တယ်လို့ ခံစားမိပါတယ်။ 

ဖရက်ဒရစ်ဆန်က တကယ်ခြေစွမ်းပြခဲ့သလို၊ အားမက်စ်ကလည်း အရမ်းကောင်းပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့လို့ သူတို့အနေနဲ့လည်း ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ပါတယ်။ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်က အခွင့်အရေးတစ်ခုတည်းနဲ့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီကလေးတွေအတွက် အကောင်းဆုံး အမှတ်တရမဖြစ်နိုင်ခဲ့ပေမယ့် သူတို့ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းအပါအဝင် လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ မေဆင်မောင့်တို့ကလည်း ဖြုန်းတီးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး အာမိုရင်က “ဂိုးမသွင်းနိုင်ရင် အသင်းက အနိုင်ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဂိုးမသွင်းနိုင်ပေမယ့် အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်တာက အသင်းရဲ့အကြီးမားဆုံး ပြဿနာပါ” လို့ပြောကြားခဲ့ပါတယ်။ 

ဟွိုက်လန်းနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီသားနည်းပြက “သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တိုးတက်ဖို့က ဗီဒီယိုတွေ ပြန်ပြပြီး သင်ကြားပေးဖို့လိုပါတယ်။ သူ အသင်းမှာမပါဝင်ဘဲ ချန်လှပ်ခံရရင်လည်း ဂိုးသွင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူဂိုးတွေသွင်းနိုင်ဖို့ပဲ ကျွန်တော်တို့ ကြိုးပမ်းသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ ဝုဗ်ကိုရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်ဟာ သင်္ချာနည်းအရ ဒီရာသီ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရဖို့တော့ မရှိတော့ပါဘူး။ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ ကစားသွားရပါမယ်။