The network connection is lost.

Banner Image

ဆူညံသံတွေဆိုတာ အမြဲတမ်းရှိနေတာပါလို့ ပြောဆိုလိုက်တဲ့ အီဆက်ရဲ့အသင်းဖော် အီလန်ဂါ

နော်တင်ဟမ်ဖောရက်စ်မှ နယူးကာဆယ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းဖြင့် ရောက်ရှိလာတဲ့ အီလန်ဂါက သူ့ရဲ့လက်ရွေးစင်အသင်းဖော်အီဆက်ကို ကမ္ဘာ့အဆင့်တိုက်စစ်မှူးလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး အီလန်ဂါက အီဆက်ရဲ့စိန့်ဂျိမ်းပတ်ခ်အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေမှုကို ထိပ်တန်းကစားသမားတစ်ဦးရဲ့ဘဝအစိတ်အပိုင်းတစ်ရပ်အဖြစ် ပုံဖော်လိုက်ပြီး အပြောင်းအရွှေ့ဈေးကွက်ဆိုသည်မှာ လက်တွေ့ထက် ဆူညံသံတွေသာ ပိုများလေ့ရှိတယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

လတ်တလောသီတင်းပတ်တွေအတွင်း အီဆက်နဲ့ လီဗာပူးတို့အကြား အပြောင်းအရွှေ့ကောလာဟလတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့ပါတယ်။ ကြိုးကြာနီတွေက ငှက်ကျားတွေအပေါ် တွန်းအားပေးနိုင်မယ့် ပေါင်သန်း ၁၂၀ ဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးက သြစတြီးယားနိုင်ငံဆီရောက်ရှိနေတဲ့ နယူးကာဆယ်ရဲ့ရာသီကြိုအစီအစဉ်မှာသာ ဆက်ရှိနေပြီး သူထွက်ခွာဖို့အတွက် သဘောတူညီမှုတစုံတရာ မရရှိသေးပါဘူး။

အီဆက်က နယူးကာဆယ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ငှက်ကျားတွေဘက်မှလည်း ကစားသမားရဲ့ရေရှည်အနာဂတ်ကို အာမခံပေးနိုင်ဖို့ အသင်းသမိုင်းတလျှောက်စံချိန်တင်လုပ်ခပမာဏအထိ ပေးချေသွားရန် ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စကလည်း သဘောတူညီမှုတစုံတရာမရရှိသေးလို့ မသေချာမရေရာမှုတွေသာ ကောင်းကင်အနှံ့ပြန့်နှံ့နေခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင်အသင်းမှာ အသင်းဖော်တွေဖြစ်ကြလို့ အီဆက်နဲ့ အီလန်ဂါအကြား ရင်းနှီးမှုတော့ ရှိပါတယ်။ သူတို့တွေရဲ့အခုလိုရင်းနှီးချစ်ကြည်မှုက တန်ဖိုးထားရတဲ့တိုက်စစ်မှူးကိုသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင် ရာသီသစ်အတွက်ပြင်ဆင်နေတဲ့နယူးကာဆယ်အတွက် အဖိုးတန်ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

အီလန်ဂါက “ အီဆက်ဆိုတာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ဝန်းကျင်မှာ ဆူညံသံတွေနဲ့ အမြဲလိုလိုပြည့်နှက်နေပါလိမ့်မယ်။ သူက ကျွန်တော့်ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းဖော်လည်းဖြစ်လို့ သူ ဘယ်လောက်အထိကောင်းမွန်သလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်”လို့ ဆိုပါတယ်။

နော်တင်ဟမ်ဖောရက်စ်မှထွက်ခွာကာ ငှက်ကျားတွေနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် မေးခွန်းထုတ်ရာမှာ အီလန်ဂါက အီဆက်နဲ့တွဲဖက်ကစားရမယ့်အခွင့်အလမ်းဟာ တွန်းအားများစွာအနက် တစ်ခုအဖြစ် ပါဝင်ခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သူက “ အပြောင်းအရွှေ့ဖြစ်ပေါ်လာတဲ့ကိစ္စမှာ အကြောင်းအချက်များစွာ ပါဝင်ပါတယ်။ ဒီမြို့ရဲ့ဒေသခံပရိသတ်အပြင် အီဆက်၊ ဂေါ်ဒွန်၊ ဂူမာယေးစ်၊ ဂျိုလင်တန်၊ ဝီလော့ခ်တို့လိုကစားသမားတွေပါ ရှိနေပြီး နှစ် ၇၀ အတွင်း ပထမဆုံးဆုဖလားကိုလည်း အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုအောင်နိုင်မှုရဲ့အကျိုးဆက်က အသင်းပရိသတ်တွေအပြင် ကလပ်အသင်းအတွင်းမှာပါ ရောက်ရှိနေပါပြီ။ သူတို့တွေ အောင်မြင်မှုရရှိဖို့ အရမ်းနီးစပ်ခဲ့ပေမယ့် အခုတော့ ဆုဖလားပါ ရှိနေပါပြီ။ ဒါက ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ရေးကွင်းအတွင်း ပြင်းထန်တဲ့ပြိုင်ဆိုင်မှုက အရမ်းကောင်းလွန်းနေပါတယ်”လို့ ဆိုပါတယ်။

အီဆက်အပေါ် အခိုင်အမာစိတ်ဝင်စားမှုရှိနေပေမယ့် လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ ကြိုးကြာနီတွေက ပြင်သစ်တိုက်စစ်မှူးအီကီတီကီဆီလည်း မြှားဦးလှည့်လာနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ လူးဝစ်ဒီယက်ဇ်၊ ဒါဝင်နူနက်ဇ်တို့ ထွက်ခွာနိုင်ခြေရှိနေလို့ အီဆက်က အန်ဖီးလ်ရေဒါထဲမှာ ဆက်ရှိသွားပါလိမ့်မယ်။