ယူနိုက်တက်နည်းပြဖြစ်ရင် ဘယ်တော့မှ သက်တောင့်သက်သာနေရမှာမဟုတ်ဘူးလို့ ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်က နည်းပြတစ်ယောက်အနေနဲ့ ယူနိုက်တက်ကိုကိုင်တွယ်မယ်ဆိုပါက ဘယ်တော့မှ သက်တောင့်သက်သာနေရမှာမဟုတ်ကြောင်းနဲ့ လက်ရှိအချိန်မှာ သူကိုယ်တိုင်လည်း အထုတ်ခံရမယ့် အန္တရာယ်နဲ့နီးစပ်နေပြီလို့ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့နံနက်က ယူနိုက်တက်ဟာ ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ ဝုဗ်ကို အဝေးကွင်းမှာ ၂-၀ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး အာမိုရင်လက်ထက် ပြိုင်ပွဲစုံ ၃ ပွဲဆက်အရှုံးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နည်းပြ အဲရစ်တန်ဟက်ကိုထုတ်ပယ်အပြီးမှာ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ နည်းပြသစ် အာမိုရင်လက်ထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို မြင်တွေ့ရမယ်လို့ ယူဆထားခဲ့ပေမယ့် လောလောဆယ်မှာတော့ ထူးခြားမှုရှိမလာသေးပါဘူး။
နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြဖြစ်ပြီဆိုရင် ဘယ်တော့မှ စိတ်သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးနေနိုင်မှာမဟုတ်ပါဘူး။ သူတို့ ကျွန်တော့်ကို စာချုပ်ဖျက်သိမ်းကြေးလေးပေးပြီး ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းက ရှုံးပွဲတွေဆက်နေရင် ဘယ်မန်နေဂျာမဆို အထုတ်ခံရမယ့်အန္တရာယ်နဲ့ ကြုံတွေ့ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ဒီကိုရောက်တာ ၁ လခွဲပဲရှိသေးတော့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အသားမကျသေးပါဘူး။ ဒါက အမှန်တရားတစ်ခုဖြစ်လို့ ကျွန်တော်ဒီအတွက်တော့ စိတ်သက်သာရာရပါတယ်”
“ကျွန်တော်တို့ပရိသတ်တွေရဲ့မျက်နှာကိုထောက်ပြီး ပွဲစဉ်တိုင်းမှာ တိုက်ပွဲဝင်သွားဖို့လိုပါတယ်။ ပရိသတ်တွေကလည်း အသင်းရဲ့ရလဒ်တွေကြောင့် ပင်ပန်းနေကြပါပြီ။ ဘောလုံးမှာ ဒီလိုအခိုက်အတန့်တွေလည်းရှိပါတယ်။ အားလုံးရဲ့အမြင်မှာတော့ ကစားသမားတွေကို ယုံကြည်ချက်ရှိရှိနဲ့ နိုင်ပွဲတွေ့ရယူစေချင်မှာပါပဲ။ ဒါပေမယ့် လောလောဆယ်မှာတော့ ဒါက အရမ်းခက်ခဲနေပါတယ်။ အသင်းကို အချိန်နဲ့အမျှတိုးတက်နေအောင် ကြိုးစားသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်လက်ထက်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲသာ အနိုင်ရထားပြီး ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။ အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာကိုရောက်ရှိနေတာဖြစ်လို့ နည်းပြသစ်လက်ထက်မှာလည်း တိုးတက်မှုရှိမလာဘူးဆိုတာ ပေါ်လွင်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သို့သော်လည်း လာမယ့်ဇန်နဝါရီဈေးကွက်မှာတော့ ပေါ်တူဂီသားအနေနဲ့ ကစားသမားသစ်တွေခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။