The network connection is lost.

Banner Image

ဘာစီလိုနာအတွက် ပြန်ကစားပေးတဲ့ပွဲမှာ ဗယ်လာဒိုးလစ်ကို အနိုင်ရပြီးနောက် ပျော်ရွှင်နေတဲ့ တာစတီဂန်

ဘာစီလိုနာဂိုးသမား မာ့ခ်-အန်ဒရေးတာစတီဂန်ဟာ ယနေနံနက် ဗယ်လာဒိုးလစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်ကစားနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ခံစားချက်တွေကိုပြောပြခဲ့ပါတယ်။ ဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက အနားယူခဲ့ရတဲ့ ဂျာမန်လက်ရွေးစင်ဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခဲ့ပြီး ပွဲအပြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

"ဒီနေ့ညမှာ ကစားချင်ခဲ့တာ၊ အနိုင်ရတဲ့အခါတိုင်း ပိုပြီးကောင်းတယ်။ ရလဒ်ကောင်းတွေ ဆက်ရနေတာက အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ပွဲကြီးတွေရှိသေးတာကြောင့် မျှော်လင့်သလိုပဲ စွမ်းဆောင်ရည်ပြနိုင်ဖို့ ကြိုးစားရမယ်"လို့ တာစတီဂန်က ပြောပါတယ်။

ဘာစီလိုနာအသင်းက နောက်ကနေ လိုက်ကစားခဲ့ရတဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး တာစတီဂန်က "၁-၀ နဲ့ ရှုံးနေတဲ့အခါ ဒီလိုကွင်းမျိုးမှာဆိုရင် အရမ်းခက်ခဲပါတယ်။ဗယ်လာဒိုးလစ်မှာ ဆုံးရှုံးစရာဘာမှမရှိပေမဲ့ သူတို့အတွက်တော့ စိတ်မကောင်းပါဘူး။ သူတို့နောက်မှာ ပရိသတ်တွေရှိခဲ့ပေမဲ့ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်ခဲ့ပါတယ်။ ပွဲကိုအနိုင်ရခဲ့ပြီး ရှေ့ဆက်သွားမှာပါ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တာစတီဂန်က ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်ရဲ့ အသင်းကို စီမံခန့်ခွဲမှုအပေါ် ချီးကျူးခဲ့ပါတယ်။  "သူက [ဖလစ်ခ်] ဟာ ကောင်းမွန်တဲ့ဟန်ချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ကို အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အရေးပါအောင်ပြုလုပ်ပေးခဲ့လို့ပါပဲ။ အချို့ကစားသမားတွေက ပိုကစားရတယ်၊ အချို့ကနည်းတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက အသင်းသားတွေပါပဲ။ အကယ်၍ ကျွန်တော်တို့အားလုံး အနိုင်ရရှိခဲ့မယ်ဆိုရင် ပိုကောင်းပြီး ပျော်ရွှင်ရမှာပါ"လို့ တာစတီဂန်က ပြောပါတယ်။

တာစတီဂန်ပြန်လာမှုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဖြစ် အင်တာမီလန်နဲ့ ဒုတိယအကျော့ကစားရမယ့်ပွဲအပါအဝင် အရေးကြီးတဲ့ပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းအတွက် အားအင်ဖြစ်စေမှာ သေချာပါတယ်။