The network connection is lost.
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက လူတန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ စောစောစီးစီးလူစားလဲခဲ့ရတဲ့ နောက်ခံလူ လုခ်ရှောရဲ့ဒဏ်ရာ အခြေအနေက သိပ်အကောင်းကြီးမဟုတ်ဘူးလို့ အသိပေးပြောကြားလာခဲ့ပါတယ်။
ကစားသမားဟာ ပထမပိုင်းပြီးကာနီးမှာပဲ လင်ဒီလော့ဖ်နဲ့အစားထိုးခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာတန်ဟက်ရဲ့အသင်းဟာ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ အများအပြားရရှိခဲ့သော်လည်း တိုက်စစ်ကစားသမားတွေရဲ့ဖြုန်းတီးမှုတွေကြောင့် ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းက ၁-၂ ဆိုတဲ့ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်က လုခ်ရှောရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေကိုပေးနိုင်ခြင်းမရှိတာကြောင့် အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ ဒဏ်ရာဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ယူဆနေကြပါတယ်။
ပွဲအပြီးမှာတန်ဟက်က “ကျွန်တော် သေချာမပြောနိုင်သေးပါဘူး။ အနည်းဆုံးတော့ မနက်ဖြန်အထိစောင့်ရပါဦးမယ်။ ဒါပေမယ့် သူကွင်းထဲကနေ ထွက်လာတော့ အခြေအနေသိပ်မဟန်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အသက်-၂၈ နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ ဒီရာသီမှာ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပြီး ကာလရှည်အနားယူခဲ့ရတာဖြစ်ပါတယ်။ လုခ်ရှောဟာ ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်အများအပြားကိုလွဲချော်ခဲ့ပြီး ယခုပွဲစဉ်ဟာ ပွဲထွက်ကစားသမားအဖြစ် ၁၂ ပွဲမြောက်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်ရဲ့ဘယ်နောက်ခံနေရာက အားနည်းနေသလိုဖြစ်ခဲ့ပြီး လုခ်ရှောအပြင် တိုင်ယဲလ်မာလာစီယာကလည်း ဒူးဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ တန်ဟက်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ယခုနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပြီး အဆင့် ၄ နေရာ အက်စတွန်ဗီလာနဲ့ ၅ မှတ်သာ ကွာဟတော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။