The network connection is lost.

Banner Image

ဟွိုက်လန်းရဲ့ဂိုးသွင်းစွမ်းရည်ကို ချီးကျူးပြောဆိုခဲ့ပြီး ဖိုက်တာတစ်ယောက်ဖြစ်တယ်လို့ အမွှမ်းတင်ခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက လူတန်တောင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းရဲ့ ဂိုးသွင်းစွမ်းရည်ကို ချီးကျူးပြောဆိုခဲ့ပြီး ဖိုက်တာတစ်ယောက်ဖြစ်တယ်လို့ အမွှမ်းတင်ခဲ့ပါတယ်။
 
ယူနိုက်တက်ကို စတင်ရောက်ရှိလာပြီး ပရီးမီးယားလိဂ်မှာ ၄ လခွဲကြာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဟွိုက်လန်းဟာ ယမန်နေ့ညက လူတန်တောင်းနဲ့ပွဲစဉ်မှာတော့ ပွဲအစ ၃၇ စက္ကန့်မှာပဲ အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ ဘောက်ဆင်ဒေးမှာ စတင်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဆက်တိုက်ဆိုသလို ဂိုးတွေရလာခဲ့တာဖြစ်ပါတယ်။
 
တန်ဟက်က “ဟွိုက်လန်းအခုလို မှန်ကန်တဲ့ဇာတ်ကောင်စရိုက်ကို ပုံဖော်လာနိုင်တာ ကျွန်တော်တို့အရမ်းပျော်ပါတယ်။ ဖိအားတွေအများကြုံတွေ့ခဲ့ပေမယ့် သူအကောင်းဆုံး ရုန်းထလာနိုင်ခဲ့ပါတယ်။ သူ့မှာခိုင်မာတဲ့ဇာတ်ကောင်စရိုက်နဲ့အတူ ထက်မြက်တဲ့ဂိုးသွင်းစွမ်းရည်လည်း ရှိပါတယ်။ ရာသီအစမှာ သူ အထောက်အပံ့တွေ လိုအပ်ခဲ့ပေမယ့် အခုချိန်မှာတော့ နေသားကျနေပါပြီ” လို့ပြောကြားခဲ့ပါတယ်။
 
ယခုပွဲစဉ်မှာ ဂိုးတွေရရှိခဲ့တဲ့ ဟွိုက်လန်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးနယ်သာလန်သားက “သူရာသီအစမှာ သိပ်ကံမကောင်းခဲ့ပါဘူး။ ဘရိုက်တန်နဲ့ပွဲမှာ သူဂိုးစသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ လိဂ်အသစ်မှာ ယုံကြည်မှုတည်ဆောက်ဖို့က ဂိုးတွေရမှဖြစ်မှာပါ။ အခုချိန်မှာတော့ သူကဖိုက်တာတစ်ယောက်ဖြစ်ပြီး ဂိုးရှေ့မှာ အန္တရာယ်ရှိတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်နေပါပြီ” “သူက ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ဂိုးမသွင်းနိုင်တဲ့အခါတွေမှာလည်း စိတဓာတ်ကျတာတွေ၊ စိတ်ပျက်တာတွေရှိမှာမဟုတ်ပါဘူး။ သူ ဒီထက်ပိုပြီး ဂိုးတွေသွင်းနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။