The network connection is lost.

Banner Image

ညှာတာမှုကင်းမဲ့တဲ့ ဝေဖန်ပြစ်တင်မှုတွေအပေါ် ပါးပါးနပ်နပ် ပြန်လည်ချေဖျက်ဖို့ မက်ဂွါရီကို အကြံပေးလိုက်တဲ့ တန်ဟက်

နိုင်ငံတကာပွဲစဉ်များအတွင်းမှာ အင်္ဂလန် ပရိသတ်တွေရဲ့‌အညှာအတာကင်းမဲ့တဲ့ လှောင်ပြောင်မှုတွေအပြင် မီဒီယာတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွါရီကို ထူးချွန်ပြောင်မြောက်ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြသခြင်းဖြင့် ပြန်လည်တုံ့ပြန်ဖို့ အသင်းနည်းပြ အဲရစ်တန်ဟက်က တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
 
စကော့တလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ အင်္ဂလန်အသင်းက ၁-၃ နဲ့အနိုင်ရရှိခဲ့သော်လည်း ဒုတိယပိုင်းမှာ လူစားဝင်လာပြီး ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တဲ့ မက်ဂွါရီကို အင်္ဂလန်ပရိသတ်တွေက ဘောလုံးထိချက်တိုင်းမှာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကမူ နောက်ခံလူဘက်မှာ ရှိနေခဲ့ပြီး မက်ဂွါရီကို လှောင်ပြောင်ခဲ့တဲ့လူတွေကို "ငတုံး" တွေဖြစ်တယ်လို့ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့အပြင် မက်ဂွါရီကိုလည်း အင်္ဂလန်အသင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်လို့ အားပေးစကားပြောကြားခဲ့တာဖြစ်ပါတယ်။
 
ဒါ့အပြင် မက်ဂွါရီရဲ့မိခင်ဖြစ်သူကလည်း လက်စတာစီးတီးကြယ်ပွင့်ဟောင်းဟာ ရာသီအစမှာခက်ခဲတဲ့ အခြေအနေနဲ့ကြုံတွေ့နေရသော်လည်း ကောင်းမွန်စွာ‌ဖြေရှင်းနိုင်ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး နောက်ခံလူအပေါ် လှောင်ပြောင်မှုတွေကိုလည်း "ကျက်သရေမရှိတဲ့ အနိုင်ကျင့်မှု" တွေဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
 
ဘရိုက်တန်နဲ့ယှဉ်ပြိုင်မယ့် ပွဲစဉ်မတိုင်မီမှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ကလည်း မကြာသေးမီက နောက်ခံလူအပေါ်ကျူးလွန်ခဲ့ကြတဲ့ လုပ်ရပ်တွေဟာ လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်တွေ ဖြစ်ကြောင်းနဲ့ ထူးချွန်ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကသာ ဝေဖန်သူတွေကိုနှုတ်ဆိတ်စေတယ်လို့ တွန်းအားပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
 
တန်ဟက်က" ကျွန်တော် အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ။ ဒီလို လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်တွေက သူနဲ့မထိုက်တန်ပါဘူး။ မက်ဂွါရီက ကောင်းမွန်တဲ့ကစားသမားပါ။ သူ့မှာကောင်းမွန်တဲ့ အရည်အသွေးတွေရှိပါတယ်။ ဒီလိုရူးကြောင်ကြောင် ဝေဖန်မှုတွေကတော့ ရှိနေမှာပါပဲ။ သူ့အနေနဲ့ ဒီလိုအရာတွေကို ပြောင်မြောက်တဲ့စွမ်းဆောင်ရည်နဲ့ပဲ ချေဖျက်ပစ်ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
 
အဆိုပါဝေဖန်မှုတွေကို မက်ဂွါရီရဲ့ ပြန်လည်တုံ့ပြန်ပုံနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါ ယူနိုက်တက်နည်းပြက "ကောင်းပါတယ်။ သူ့ရဲ့ဘောလုံးကစားသမားဘဝက ကောင်းမွန်တယ်ဆိုတာ လူတိုင်းမြင်နိုင်ပါတယ်။ နောက်ထပ်ကောင်းဖို့လည်း အလားအလာတွေရှိပါတယ်။ ဒီလိုဝေဖန်မှုတွေကို ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသပြီး ပိတ်ဆို့ရမှာပါ" လို့‌ ဖြေကြားခဲ့ပါတယ်။
 
ယခုနှစ်အပြောင်းအရွှေ့ကာလအတွင်းမှာ မက်ဂွါရီဟာ အသင်းခေါင်းဆောင်လက်ပတ်ကို အသင်းဖော်ဘရူနိုဖာနန်ဒက်စ်ထံ လွှဲပြောင်းပေးခဲ့ရတဲ့အပြင် ရာသီအစမှာလည်း ပွဲထွက်ခွင့်ရရှိဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။
 
ဝေဖန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားတွေနဲ့ပတ်သက်ပြီး မက်ဂွါရီက "ကျွန်တော်က စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကိုတိုက်ခိုက်နေရတဲ့လူတစ်ယောက်မဟုတ်ဘူးလို့တော့ မပြောပါဘူး။ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ အတောအတွင်းမှာလည်း ဒီလိုမျိုးဝေဖန်မှုတွေ ခံခဲ့ရဖူးပါတယ်။ တာဝန်ယူမှု ပမာဏကြီးမားလာပြီဆိုရင် အဲဒါနဲ့အတူ အကောင်းနဲ့အဆိုးတွေလည်း ဒွန်တွဲပါလာတတ်ပါတယ်။ စကော့တလန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ကတော့ ကျီစယ်မှုအနည်းငယ်နဲ့အတူ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။