The network connection is lost.

Banner Image

ဒေါ့မွန်နည်းပြ ရာထူးကနေ နုတ်ထွက်သွားတဲ့ တာဇစ်

ဒေါ့မွန်နည်းပြချုပ် အီဒင်တာဇစ်ဟာ သူ့ရဲ့လက်ရှိစာချုပ်ကို ချက်ချင်းပဲ ရပ်စဲရန် တောင်းဆိုခဲ့တာကြောင့် ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ ကလပ်ဘက်က ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ 
 
၂၀၂၂ ခုနှစ်မှာ ဒေါ့မွန်ရဲ့တရားဝင်နည်းပြရာထူးကို စတင်တာဝန်ယူခဲ့တဲ့ တာဇစ်ဟာ အသင်းအတွက် တိုးတက်မှုတွေပြုလုပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်းဗိုလ်လုပွဲမှာ တာဇစ်ရဲ့အသင်း ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့တော့ လွဲချော်ခဲ့တာဖြစ်ပါတယ်။
 
ဒေါ့မွန်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာလည်း အဆင့် ၅ နေရာမှာသာ ရပ်တည်ခဲ့ပေမယ့် နောက်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ တာဇစ်ဟာ ယာယီနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့စဉ် ၂၀၂၁ ခုနှစ်မှာလည်း ဒေါ့မွန်အတွက် ဂျာမန်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
 
ကလပ်ရဲ့ဖော်ပြချက်မှာ “ဒေါ့မွန်နဲ့ နည်းပြချုပ်အီဒင်တာဇစ်တို့ဟာ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။ အသက်-၄၁ နှစ်အရွယ်နည်းပြက သူ့ရဲ့စာချုပ်ကို ချက်ချင်းပဲရပ်စဲဖို့ အသင်းထံတောင်းဆိုခဲ့ပါတယ်။ အသင်းအနေနဲ့လည်း ဒီကိစ္စကို ပူးတွဲဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်မှာ တောင်းဆိုချက်ကိုသဘောတူညီခဲ့ပါတယ်” လို့ပါရှိပါတယ်။
 
တာဇစ်ဟာ ဒေါ့မွန်မှာ နည်းပြချုပ်အဖြစ်မဆောင်ရွက်ခင်က လက်ထောက်နည်းပြနဲ့၊ ကင်းထောက်တာဝန်တွေကိုပါ လုပ်ဆောင်ခဲ့ဖူးတာဖြစ်ပါတယ်။ တာဇစ်က “ချစ်လှစွာသော ပရိသတ်ကြီးရေ အခုချိန်မှာ ကျွန်တော့်အတွက် အလွန်အမင်းနာကျင်နေရပေမယ့် ဒီနေ့ပဲ အသင်းကနေ ထွက်ခွာတော့မယ့်အကြောင်း အားလုံးကို အသိပေးလိုပါတယ်။ ဒီကလပ်နဲ့အတူ ဂျာမန်ပိုကယ်ဖလားကိုဆွတ်ခူးခဲ့ပြီး မကြာသေးမီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိပို့ဆောင်ပေးနိုင်ခဲ့တာ ကြီးမားတဲ့ဂုဏ်ယူစရာတွေပါပဲ”လို့ ထုတ်ပြန်ခဲ့ပါတယ်။
 
အသက်-၄၁ နှစ်အရွယ် တာဇစ်ဟာ ၂၀၂၃ ခုနှစ်မှာလည်း ဒေါ့မွန်ကို ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးပေးနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပြီး နောက်ဆုံးနေ့ရောက်မှသာ မိန့်ဇ်ကို အနိုင်မယူနိုင်ခဲ့တာကြောင့် ဒုတိယလူအဖြစ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။