ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်ပွဲမတိုင်ခင် ထိုက်တိုက်တွေ့ဆုံခဲ့ကြတဲ့ တာဇစ်နဲ့ ဟမ်းမဲစ်
ဒေါ့မွန်နည်းပြ အီဒင်တာဇစ်နဲ့ ဝါရင့်နောက်ခံလူ ဟမ်းမဲစ်တို့ဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်မှာ အသင်းရဲ့နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး သဘောထားမတိုက်ဆိုင်မှုတွေဖြစ်ပွားခဲ့တာကြောင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါ့မွန်အနေနဲ့ ချန်ပီယံလိဂ်မှာ အသင်းအတွက်သမိုင်းဝင်နိုင်ပွဲကို ဖော်ဆောင်နိုင်ဖို့ ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ခဲ့သော်လည်း အဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ရှုံးနိမ့်ပြီး မျှော်လင့်ချက်တွေ ပျက်စီးခဲ့ရပါတယ်။
သတင်းတွေအရ အဆိုပါပွဲစဉ်မစတင်မီ ရက်ပိုင်းအလိုမှာ အသင်းရဲ့နောက်ခံလူ ဟမ်းမဲစ်က မန်နေဂျာ တာဇစ်ရဲ့ နည်းဗျူဟာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ့မွန်ဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာလည်း အဆင့် ၅ နေရာမှာသာ ရပ်တည်ခဲ့တာကြောင့် ဟမ်းမဲစ်အနေနဲ့ နည်းပြတာဇစ်ရဲ့ ပွဲစဉ်တွေအပေါ်ချဉ်းကပ်ပုံကို မကျေမနပ်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။
ဟမ်းမဲစ်က “ကျွန်တော်ကတော့ လက်ရှိ အသင်းရဲ့ကစားပုံကို ဒေါသထွက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ့မွန်က ကမ္ဘာပေါ်က ဘယ်ပြိုင်ဘက်ကိုမဆို ဒီလိုပုံစံနဲ့ မကစားခဲ့ဖူးပါဘူး။ ဒီလိုဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ဒီအင်္ကျီကိုဝတ်ဆင်ပြီး ဂုဏ်ယူနေတဲ့ကျွန်တော့်ကို စော်ကားသလိုခံစားနေရမှာပါ။ အသင်းက ပြိုင်ဘက်ကို ကြောက်ရွံ့နေတဲ့ပုံစံမျိုးဖြစ်နေတာပါ။ စတုဂတ်နဲ့ပွဲမှာရော လေဗာကူဆင်နဲ့ပွဲမှာပါ ကျွန်တော်တို့ဘက်ခြမ်း ဂိုးဧရိယာထဲမှာ ကစားသမား ၁၁ ယောက်လုံးပြည့်နေခဲ့ပါတယ်” လို့ ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။
ယခုအခါမှာတော့ သတင်းတွေက ဟမ်းမဲစ်ရဲ့မှတ်ချက်တွေဟာ အသင်းရဲ့နောက်ကွယ်မှာ ပြဿနာတွေဖြစ်ပွားစေခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ သို့သော်လည်း ထိုစဉ်က ဒေါ့မွန်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားဖို့ရှိနေတာကြောင့် တာဇစ်နဲ့ ဟမ်းမဲစ်တို့နှစ်ဦးဟာ ပြဿနာတွေကို ဘေးချိတ်ပြီး ပွဲအပေါ်မှာပဲ အာရုံစိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ အဆိုပါပြဿနာက ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး တာဇစ်အနေနဲ့ လာမယ့်နွေရာသီမှာ ဟမ်းမဲစ်ထွက်ခွာမှသာ အသင်းမှာ ဆက်လက်နေထိုင်သွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာ ဒေါ့မွန်ကနေ တာဇစ်ပဲထွက်သွားမလား ဒါမှမဟုတ် ဟမ်းမဲစ်ပဲထွက်သွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဟမ်းမဲစ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်သွားမယ့် ဂျာမနီအသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံထားရခြင်းမရှိပါဘူး။ သို့သော်လည်း နောက်ခံလူကတော့ “ဂျာမနီက မတ်လနောက်ပိုင်း တဖြည်းဖြည်းတိုးတက်လာခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ အသင်းမှာပါဝင်ဖို့ ဖိတ်ခေါ်မခံရတာတော့ ကျွန်တော့်အတွက် ခါးသက်စေပါတယ်။ ဒါပေမယ့် ကျွန်တော်က ဂျာမနီရဲ့ အကောင်းဆုံးနောက်ခံလူ ၅ ဦးစာရင်းမှာဝင်နေဆဲဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်နေဆဲပါ”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အခုလိုချန်လှပ်ခံခဲ့ရတဲ့ နောက်ကွယ်ကကြောင်းအရင်းကို မေးမြန်းရာမှာတော့ ဟမ်းမဲစ်က “နာဂယ်စ်မန်းအကြောင်း ကျွန်တော်သိသလောက်ဆိုရင် ကျွန်တော့်အနေနဲ့ ကြံ့ခိုင်မှုနဲ့ အသက်အရွယ်ပိုင်းမှာ ပြဿနာရှိနေလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော်သာ မတ်လမတိုင်ခင်က ခြေစွမ်းမျိုးကို အခုချိန်အထိ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ဖြစ်နိုင်ချေအများကြီးရှိပါတယ်” လို့ဖြေကြားခဲ့ပါတယ်။