
The network connection is lost.

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့တောင်ပံကစားသမားဂါနာချိုကို ကောင်းမွန်တဲ့အရည်အသွေးတွေ နေ့တိုင်းပြသနေဖို့လိုတယ်လို့ တိုက်တွန်းပြောကြားခဲ့ပြီး အာဂျင်တီးနား လူငယ်ကြယ်ပွင့်ဟာ ယနေ့နံနက် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
တန်ဟက်က ဂါနာချိုဟာ ရာသီအစပွဲစဉ်တွေမှာ အသင်းကိုကူညီနိုင်လောက်အောင် ကောင်းမွန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး ကစားသမားအနေနဲ့ ပိုမိုသင်ယူရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အသက်-၁၉ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်အတွက် ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်တဲ့ ဝုဗ်၊ တော့တင်ဟမ်တို့ရဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီးနောက် ယခု ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ခရစ္စပဲလေ့စ်နဲ့မကစားခင် ကြားထဲကပွဲစဉ်တွေမှာတော့ ၁၂ မိနစ်ခန့်သာ ပါဝင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် တနင်္ဂနွေနေ့က ဘန်လေကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ပရိသတ်တွေက ဂါနာချိုကို ထည့်သွင်းရန် အော်ဟစ်တောင်းဆိုခဲ့ကြသော်လည်း တန်ဟက်က လျစ်လျူရှုပြီး ကစားသမားကိုလူစားလဲမပေးဘဲ အရန်ခုံမှာသာ ထားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ဂါနာချိုဟာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်တဲ့အနေနဲ့ ယူနိုက်တက်ရဲ့အဖွင့်ဂိုးကို ညာတောင်ပံရှိ ဒါလော့ရဲ့ ပေးပို့မှုမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့ကာ အဲရစ်တန်ဟက်အတွက် စိတ်ကျေနပ်မှုရရှိစေခဲ့ပါတယ်။
ဒါကြောင့် ဂါနာချိုနဲ့ပတ်သက်ပြီး တန်ဟက်က "ရာသီအစမှာ ကျွန်တော်တို့သူကစားတာကို မြင်တွေ့ခဲ့ရပြီးပါပြီ။ သူကအသင်းကို ကူညီနိုင်လောက်အောင်ပံ့ပိုးမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေလည်းရှိခဲ့ပါတယ်။ ကစားပုံသိပ်မကောင်းရင်တောင်သူက တစ်ဖက်အသင်းအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ်အသုံးချလို့ရပါတယ်။ ဒါပေမယ့် ခံစစ်ကစားပုံနဲ့ပတ်သက်ပြီးတော့ သူ့မှာသင်ယူစရာတွေရှိပါသေးတယ်။ ဂါနာချိုဟာ အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားပြီးဖြစ်လို့ ဆုံးဖြတ်ချက်တွေကို အမြဲတမ်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ပဲလိုပါတော့တယ်"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတန်ဟက်က ၁၉ နှစ်သားထံမှ ဘောလုံးစွမ်းရည်သာမက ယုံကြည်စိတ်ချနိုင်တဲ့အနေအထားမျိုးကို အလိုရှိကြောင်းကို "ကျွန်တော်သူ့ဆီက လိုချင်တာဘောလုံးစွမ်းရည်တစ်ခုတည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေ့မှာ ပြသခဲ့တဲ့ပုံစံမျိုးကိုလည်း အမြဲတမ်းမြင်ချင်ပါတယ်။ ဒီနေ့မှာသူက ဂိုးဧရိယာထဲ ချိန်သားကိုက်ပြေးဝင်ပြီး ယူနိုက်တက်အတွက် အဖွင့်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက သူ့လိုအသက်အရွယ်ရှိကစားသမားတစ်ဦးအတွက် တိုးတက်နိုင်ဖို့ ပေါ်ပေါက်လာတဲ့ သာမန်အခွင့်အရေးတွေပါပဲ။ လူတိုင်းက သူ့ကိုသဘောကျပါတယ်။ အသင်းရဲ့ပရိသတ်တွေနဲ့ကျွန်တော်တို့ တစ်သင်းလုံးကလည်း သူ့ကိုသဘောကျပါတယ်။ ဒါကြောင့်အဆင့်အတန်းမြင့်တဲ့ ကစားသမားတစ်ဦးဖြစ်လာဖို့ နေ့တိုင်း တစ်ဖြည်းဖြည်းတိုးတက်လာအောင် ကျွန်တော်တို့ သူ့ကိုတွန်းအားပေးရပါမယ်"လို့ ပြောကြားခဲ့ပါတယ်။
ဂါနာချို၊ ကတ်စမဲရိုး၊ မာရှယ်တို့ရဲ့ဂိုးတွေနဲ့အတူ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့အနိုင်ရရှိခဲ့တဲ့အပြင် Clean Sheet ပါရရှိခဲ့တာကြောင့် ကာရာဘောင်ဖလား စတုတ္ထအဆင့်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။