The network connection is lost.

Banner Image

ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို နားလည်ပါတယ်လို့ ဖွင့်ဟလာခဲ့တဲ့ တန်ဟက်

ယမန်နေ့ညက မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၀-၁ နဲ့အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကိုခံခဲ့ရပြီး ပွဲအပြီးမှာ အသင်းရဲ့မန်နေဂျာ အဲရစ်တန်ဟက်က ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို နားလည်နိုင်ပါတယ်လို့ ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။  ရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ်က ယူနိုက်တက်ကို ၀-၁ နဲ့အနိုင်ရရှိခဲ့တာကြောင့် တန်ဟက်ရဲ့အသင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ် ၄ ပွဲမြောက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။ 

 

ပွဲအပြီးမှာ တန်ဟက်က "ကျွန်တော်တို့ အိမ်ကွင်းမှာဖြစ်ဖြစ် အဝေးကွင်းမှာဖြစ်ဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိအောင် ကစားနိုင်ရပါမယ်။ ပရီးမီးယားလိဂ်မှာကစားရတဲ့ ပွဲစဉ်တိုင်းက အလွန်ခက်ခဲပါတယ်။ အနိုင်ရလဒ်ကိုမျှော်လင့်နေတဲ့ ပရိသတ်တွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူ။ ရှုံးနိမ့်ခဲ့ပါတယ်" လို့ပြောကြားလာခဲ့တာဖြစ်ပါတယ်။

 

ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပထမအစ ၇ ပွဲမှာ ၄ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် ၁၉၈၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာရပ်တည်နေပြီး တန်ဟက်က ယခုလို ညံ့ဖျင်းတဲ့ရာသီစတင်မှုကို ကာကွယ်ပြောဆိုဖို့ အကြောင်းပြချက်မရှိပါဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

 

နယ်သာလန်သားက "ကျွန်တော်တို့ ပိုပြီးတော့လိုက်လျောညီထွေရှိဖို့လိုပါတယ်။ လိုအပ်ချက်က နိုင်ပွဲတွေရရှိဖို့ဖြစ်ပြီး အခုထက်ပိုကောင်းတဲ့ကစားပုံကို တည်ဆောက်ရပါမယ်။ ကျွန်တော့်အနေနဲ့ အကြောင်းပြချက်တွေပေးနိုင်ပေမယ့် ပရိသတ်တွေကတော့ ဆင်ခြေတွေပေးနေတယ်လို့ပဲ ပြောကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းပြချက်တွေကို မပြော‌တော့ပါဘူး။ ကျွန်တော်တို့ နောက်ပွဲတွေအနိုင်ရရှိဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။

 

ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်ကလည်း ၎င်းရဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ၅ ကြိမ်အထိရှုံးပွဲမရှိစံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်းပြောကြားခဲ့ပါတယ်။ အသက်-၇၆ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ၄ ပွဲ၊ ဝက်ဖို့ဒ်အသင်းနဲ့ ၁ ပွဲ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

 

၎င်းက "ကျွန်တော့်ရဲ့ စံချိန်ကိုတိုးမြှင့်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာပြသခဲ့တဲ့အသင်းရဲ့ ကစားပုံက ပိုကျေနပ်စရာကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲအဖြစ် ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၃-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ နည်းပြက "ရက်အနည်းငယ်အတွင်း ဒီနေရာကို ဒုတိယအကြိမ်လာရောက်ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့ မိနစ် ၉၀ အထိအလုပ်ကြိုးစားနိုင်ဖို့ဆိုတာမလွယ်ပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။