
မန်စီးတီးမှာ သူ့ရဲ့အခန်းကဏ္ဍကို လျှော့ပေါ့သတ်မှတ်ထားတဲ့ စတီဖန်အော်တေဂါ
မန်စီးတီးဂိုးသမား စတီဖန်အော်တေဂါက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အထင်ကရအခိုက်အတန့်အတွက် သူ့ရဲ့အခန်းကဏ္ဍကို လျှော့ပေါ့သတ်မှတ်ထားပါတယ်။
ပရီးမီးယားလိဂ်ဘောလုံးရာသီပြီးဆုံးဖို့ တစ်ပွဲသာလိုအပ်ချိန်၊ တော့တင်ဟမ်အသင်းနဲ့ရင်ဆိုင်ရစဉ်မှာ ဆွန်ဟောင်မင်ရဲ့ တစ်ဦးချင်း အပိုင်ကန်သွင်းချက်ကို အော်တေဂါရဲ့အမိအရကာကွယ်လိုက်နိုင်မှုက မန်စီးတီးအသင်း အမှတ်ပေးချန်ပီယံဆုကာကွယ်နိုင်ရေးခရီးလမ်းကို အဓိကအကူအညီဖြစ်စေခဲ့ပါတယ်။
မန်စီးတီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် အော်တေဂါက “မျှမျှတတပြောရရင်တော့ အခုလိုချီးမွှမ်းမှုတွေက ကျွန်တော့်အတွက် နည်းနည်းလေး ပိုများနေသလိုပါပဲ။ ဒါက ကျွန်တော်ရဲ့နေ့စဉ်အလုပ်တစ်ခုကို လုပ်နေခြင်းသာဖြစ်လို့ အဓိကလူတစ်ယောက်လိုဖြစ်လာရခြင်းကို ကျွန်တော် သိပ်မကြိုက်လှပါဘူး။ ကျွန်တော်က ရောက်လာသမျှကန်ချက်တိုင်းကို ကာကွယ်နိုင်ဖို့ ကြိုးစားပါတယ်။ ကုန်ကုန်ပြောရရင် အခုဖြစ်စဉ်က အဲ့ဒီထက် မပိုပါဘူး။ ဒီပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုလက်လွှတ်ဆုံးရှုံးရဖို့ ဘာအကြောင်းအရင်းမှ မရှိတော့ဘူးဆိုတာ အားလုံးသိလာခဲ့တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲစဉ်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပွဲစဉ်လို ဖြစ်ခဲ့လို့ပါ။ လူတိုင်းကလည်း တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ် ဘယ်လောက်အထိခက်ခဲမလဲဆိုတာ ပြောနေခဲ့ကြပါတယ်။ တော့တင်ဟမ်ရဲ့ကွင်းသစ်ကြီးမှာဆိုရင် ကျွန်တော်တို့က အက်ဖ်အေဖလားပွဲစဉ်၊ သွင်းဂိုးတစ်ဂိုးပဲ ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီကွင်းကြီးမှာကစားရချိန် ကျွန်တော်တို့အသင်းအတွက် အနိုင်ရဖို့ ရေပန်းစားနေမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ အားလုံးရဲ့မျက်နှာတွေ ပြုံးပျော်နေခဲ့ကြပါတယ်။ ဖိအားတွေလည်း အနည်းငယ်လျော့ကျသွားလို့ သာယာပျော်ရွှင်တဲ့ အောင်ပွဲခံအခမ်းအနားတစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ပထမဆုံးအနေနဲ့ ဒီအသင်းမှာ ကစားရတာ လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းရဲ့ အရည်အသွေးအရမ်းမြင့်မားနေတာက ပထမတစ်ချက်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီလိုကာကွယ်နိုင်မှုမျိုးက ကျွန်တော်လုပ်ချင်တဲ့အရာဖြစ်သလို နေ့တိုင်း လုပ်နေတဲ့အရာလည်း ဖြစ်ပါတယ်။ ဒီအသင်းရဲ့ပတ်ဝန်းကျင်ကလည်း အနည်းငယ်ထူးခြားပါတယ်။ ဆုဖလားရည်မှန်းချက်တွေနဲ့ ကြီးမားလှတဲ့ ကွင်းကြီးအတွင်း ကောင်းမွန်တဲ့လေထုအောက် ကစားရဖို့ဆိုတာ ကျွန်တော်တို့ လိုချင်တဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်တော့ စိုးရိမ်ထိတ်လန့်နေဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး”လို့ ဆိုပါတယ်။