The network connection is lost.

Banner Image

ယူရို ဆီမီးဖိုင်နယ်ပွဲစဉ်ကို အဓိက ကစားသမား ၃ ဦးအထိလွဲချော်သွားမယ့် စပိန်

စပိန်အသင်းဟာ နောက်အပတ် ပြင်သစ်နဲ့ယှဉ်ပြိုင်ကစားသွားရမယ့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ ပီဒရီ၊ ဒါနီကာဗာဂျယ်နဲ့ ရော်ဘက်လီနော်မန်တို့ကို ထည့်သွင်းနိုင်မှာမဟုတ်တာကြောင့် ရုန်းကန်သွားရနိုင်ချေရှိပါတယ်။

ဂျာမနီကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကွင်းလယ်လူပီဒရီဟာ ဂျာမနီကွင်းလယ်လူ တိုနီခရူးစ်နဲ့ ထိခိုက်မိခဲ့တာကြောင့် စောစောစီးစီးလူစားလဲခံခဲ့ရပြီး ဒဏ်ရာပြင်းထန်တာကြောင့် လက်ကျန် ယူရိုပွဲစဉ်အားလုံးကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။  အသက်-၂၁ နှစ်အရွယ် ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ဟာ ကွင်းထဲကနေ ထွက်ခွာရချိန်မှာ မျက်ရည်ကျနေခဲ့ပြီး နောက်ပိုင်းမှာတော့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရခဲ့ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။

ပွဲကစားချိန် ၂၉ မိနစ်မှာတော့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ လီနော်မန်က အဝါကတ်ပြသခံခဲ့ရပြီး နောက်ပွဲကိုလွဲချော်သွားမှာဖြစ်လို့ စပိန်အတွက် ဒုတိမြောက်ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ကာဗာဂျယ်ကတော့ အချိန်ပိုမိနစ်တွေမှာ မူစီယာလာကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

စပိန်အနေနဲ့ အသင်းရဲ့ပွဲထွက်ကစားသမား ၂ ဦးကို နောက်ပွဲစဉ်အတွက် ဆုံးရှုံးလိုက်ရပြီဖြစ်တာကြောင့် နာချိုနဲ့ ဂျီးဆပ်နာဗက်စ်တို့အနေနဲ့ ပြင်သစ်နဲ့ပွဲမှာ ပွဲထွက်ပါဝင်နိုင်ဖို့ အခွင့်အရေးရှိလာခဲ့ပါတယ်။ စပိန်နဲ့ဂျာမနီတို့ရဲ့ပွဲစဉ်ဟာ အတော်လေးအကြိတ်အနယ်ရှိခဲ့ပြီး မိနစ် ၉၀ အတွင်း ၁-၁ နဲ့သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်သွားလိမ့်မယ်လို့ ထင်မှတ်ခဲ့သော်လည်း အချိန် မိနစ် ၃၀ ပြည့်ကာနီးမှာပဲ စပိန်က အနိုင်ဂိုးရခဲ့လို့ ၂-၁ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

တစ်ဖက်က ပြင်သစ်နဲ့ ပေါ်တူဂီတို့ပွဲစဉ်မှာတော့ နှစ်သင်းစလုံးဟာ မိနစ် ၉၀ အတွင်းမှာသာမက အချိန်ပို မိနစ် ၃၀ မှာပါ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာတော့ ဒီဒီယာဒက်စ်ချမ့်စ်ရဲ့အသင်းဟာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီကို ဖြုတ်ချပြီး ဆီမီးဖိုင်မယ်ကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

ဂျာမနီကိုအနိုင်ရပြီးနောက် စပိန်နည်းပြ လူးဝစ်ဒီလာဖူရန်တီက "ဒီအချိန်က ကျွန်တော်တို့ရဲ့ ကြိုးစားမှုရလဒ်ကို အောင်ပွဲခံရမယ့်အချိန်ပါ။ ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာပြီး လာမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက်လည်း အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်။ ကစားသမားတွေက အရမ်းမြင့်တဲ့အဆင့်အတန်းမှာကစားနေကြတာပါ" "ဒီညက သမိုင်းဝင်ညပါ။ ဒီနိုင်ငံကို ကိုယ်စားပြုရတာ ဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲ ကျွန်တော်တို့ တတ်နိုင်သလောက် အောင်မြင်မှုယူနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေကို အပြည့်အဝထိန်းချုပ်ထားပါတယ်။ ပရိသတ်တွေရဲ့ပျော်ရွှင်မှုတွေကိုတော့ မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် အခုလို ပရိသတ်တွေရဲ့အားပေးမှုကိုတွေ့ရလို့ အရမ်းဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။

စပိန်အနေနဲ့ ပြင်သစ်ကိုပါ ထပ်မံကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်၊ နယ်သာလန်၊ တူရကီနဲ့ ဆွစ်ဇာလန်တို့ထဲမှ တစ်သင်းသင်းနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။