
ယခုနွေရာသီအတွင်း ယူနိုက်တက်မှထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ မိုင်နူး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးဟာ ယခုနွေရာသီအတွင်း အိုးလ်ထရက်ဖို့ဒ်နဲ့ လမ်းခွဲပြီး အသင်းသစ်သို့ပြောင်းရွှေ့သွားနိုင်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မိုင်နူးဟာ ကြံ့ခိုင်မှုပြည့်ဝပြီး ကစားဖို့အဆင်သင့်ဖြစ်နေပေမယ့် အာဆင်နယ်၊ ဖူလ်ဟမ်တို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ယူနိုက်တက်အတွက် တစ်မိနစ်တောင်ပါဝင်ကစားခွင့်မရခဲ့ပါဘူး။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လာမယ့်နွေရာသီမှာ စတင်တော့မှာဖြစ်တာကြောင့် မိုင်နူးအနေနဲ့ ဒီရာသီမှာ ပုံမှန်ပွဲထွက်ကစားခွင့်မရပါက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။ ဒါကြောင့် အသက်-၂၀ နှစ်အရွယ်ကစားသမားအနေနဲ့ ယူနိုက်တက်မှထွက်ခွာပြီး ပုံမှန်နေရာရနိုင်မယ့် အသင်းသစ်ဆီသို့ ထွက်ခွာဖို့စဉ်းစားလာနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိတော့ ယူနိုက်တက်ဘက်က ကစားသမားကိုထွက်ခွာဖို့ဖိအားမပေးသလို၊ ကမ်းလှမ်းမှုတွေလည်း မရရှိသေးဘူးလို့ သိရပါတယ်။
အပြောင်းအရွှေ့ကာလက လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပေမယ့် မိုင်နူးကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာခွင့်ရဖို့ တောင်းဆိုထားခြင်းမရှိသေးတာကြောင့် လောလောဆယ်မှာတော့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့တော့ အလားအလာမရှိသေးပါဘူး။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို ၁-၁ နဲ့ကျခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ မိုင်နူးကို ကစားခွင့်မပေးခြင်းနဲ့ပတ်သက်ပြီး အာမိုရင်က ကစားသမားဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ နေရာအတွက် တိုက်ပွဲဝင်သွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ဟာ ဥရောပဝင်ခွင့်မရထားတာကြောင့် ပွဲစဉ်အများအပြားကစားသွားရဖို့လည်းမရှိပါဘူး။ ဒါကြောင့် မိုင်နူးအနေနဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မရပါက နေရာရဖို့ အတော်လေးခက်ခဲသွားနိုင်ပါတယ်။
မိုင်နူးဟာ ယူနိုက်တက်အတွက် ၂၀၂၃ ခုနှစ်မှာ စတင်ကစားခွင့်ရခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ နည်းပြဟောင်းအဲရစ်တန်ဟတ်နဲ့အတူ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက်ရွေးချယ်ခံခဲ့ရပြီး ဗိုလ်လုပွဲအထိ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ကစားကွက်မှာတော့ မိုင်နူးတစ်ယောက် ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပြီး အရန်ကစားသမားအဖြစ်နဲ့တောင် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ မိုင်နူးဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။