The network connection is lost.

Banner Image

ဆားဘီးယားကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရပြီးနောက် အင်္ဂလန်ကဂိုးတွေ ပိုရလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က သူ့ရဲ့အသင်းဟာ ယနေ့နံနက်က ဆားဘီးယားကို ၁-၀ ဆိုတဲ့ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးတွေပိုမိုသွင်းနိုင်မယ်လို့ ယုံကြည်မှုရှိနေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အင်္ဂလန်ဟာ ပွဲကစားချိန် ၁၃ မိနစ်က ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ပြီးနောက်မှာ တိုက်စစ်က အသက်မဲ့သွားခဲ့ပြီး ဆားဘီးယားရဲ့ တိုက်စစ်ဆင်မှုတွေကိုသာ ပွဲချိန်တစ်လျှောက်လုံး  ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဟယ်ရီကိန်းရဲ့ခေါင်းတိုက်ချက်က အင်္ဂလန်အတွက် ဒုတိယဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၁-၀ ဆိုတဲ့ရလဒ်ကိုသာ ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဆောက်ဂိတ်က “ဒီနေ့မှာတော့ အဆုံးသတ်တွေကောင်းမွန်ခဲ့ပေမယ့် ကိန်းရဲ့ခေါင်းတိုက်ချက်ကို ပြိုင်ဘက်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဂိုးတွေရလာမှာပါ။ ကျွန်တော်တို့ နောက်တန်း ၅ ယောက်ရှိတဲ့အသင်းနဲ့ ကစားခဲ့ရလို့ တိုက်စစ်ဆင်ဖို့ခက်ခဲခဲ့ပေမယ့် အဆုံးမှာတော့ ဒီရလဒ်က လုံလောက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဆားဘီးယားက ချေပဂိုးအတွက် တိုက်စစ်ဆင်မှုတွေတရစပ်ပြုလုပ်ခဲ့တာကြောင့် အင်္ဂလန်တို့ အသည်းအသန် ကာကွယ်ခဲ့ရပြီး နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတဲ့ အနေအထားအထိဖြစ်ခဲ့ပါတယ်။ ဆောက်ဂိတ်ကတော့ “ဒါက ပြိုင်ပွဲကြီးတွေရဲ့ထုံးစံပါပဲ။ သူတို့ကလည်း သန်မာတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့ ဂိုးဧရိယာထဲမှာ စုပြုံကာကွယ်ခဲ့ရပြီး ဒါက ကျွန်တော်တို့အတွက် နည်းနည်းတော့ခက်ခဲခဲ့ပေမယ့် ဒီလိုဖိအားမျိုးက အသင်းအတွက်ကောင်းပါတယ်။ ဦးဆောင်ဂိုးရပြီးနောက်မှာ ပွဲကိုအပြတ်ဖြတ်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ပထမပိုင်းကစားပုံကိုတော့ ကျွန်တော်ကျေနပ်ပါတယ်။ အသင်းကဘောလုံးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာတော့ လိုအပ်သလောက် ဘောလုံးမကိုင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီလိုပြိုင်ပွဲမှာ နိုင်ပွဲနဲ့စတင်နိုင်ဖို့က ကျွန်တော်တို့အတွက် အရေးကြီးဆုံးပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အင်္ဂလန်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဘယ်လင်ဟမ်ကလည်း “တကယ်ကောင်းတဲ့ပွဲတစ်ပွဲပါ။ သူတို့က ခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်ပြီး လူကောင်ထွားတဲ့ ကစားသမားတွေနဲ့ဖွဲ့စည်းထားပါတယ်။ အခုလို နိုင်ပွဲနဲ့စတင်နိုင်ခဲ့တာကတော့ ကျွန်တော်တို့အတွက် အရမ်းကောင်းပါတယ်။ ဒီပွဲအတွက် ကျွန်တော်တို့ တစ်ပတ်လုံးပြင်ဆင်ထားပြီး ပွဲထဲမှာဘာလုပ်ရမယ်ဆိုတာလည်း ကောင်းကောင်းသိခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာလည်း ကျွန်တော်တို့သိခဲ့ပါတယ်။ အခြားပွဲတွေမှာ သွင်းဂိုးတွေအများကြီး တွေ့ခဲ့ရပေမယ့် ကျွန်တော်တို့ကလည်း ကိုယ့်စံနှုန်းနဲ့ကိုယ် ယှဉ်ပြိုင်နေကြတာပါပဲ။ ကောင်းကောင်းစတင်နိုင်ဖို့ပဲအရေးကြီးပါတယ်။ အပြုသဘောဆောင်ပြီး နောက်တစ်ပွဲကိုဆက်သွားကြပါမယ်”လို့ ပြောကြားခဲ့ပါတယ်။