ကစားသမားတွေ ကစားပုံညံ့ဖျင်းခဲ့ပေမယ့် ဆက်လက်အားပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ ဆောက်ဂိတ်
အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က ယနေ့နံနက်က ဆလိုဗေးနီးယားကို ၀-၀ နဲ့သရေကျပြီးနောက်မှာတော့ အသင်းရဲ့ကစားသမားတွေ ကစားပုံညံ့ဖျင်းခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် ဆက်လက်အားပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုလာခဲ့ပါတယ်။
ယခုသရေပွဲကြောင့် အင်္ဂလန်ဟာ ရမှတ် ၅ မှတ်နဲ့ အုပ်စုကိုထိပ်ဆုံးကနေ ဦးဆာင်နိုင်ခဲ့ပေမယ့် ၃ ပွဲမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့တဲ့တာကြောင့် ပရိသတ်တွေက အသင်းကို ဝေဖန်မှုတွေပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဆောက်ဂိတ်က “ပရိသတ်တွေ ဘာကိုတွေ့ချင်လဲ ကျွန်တော်နားလည်ပါတယ်။ ဒါကို လျစ်လျူရှုထားမှာမဟုတ်ပါဘူး။ အရေးကြီးဆုံးက ပရိသတ်တွေ ကျွန်တော်တို့နဲ့အတူတူရှိနေဖို့ပါပဲ” “ဒါက ကျွန်တော်တို့အတွက် ပတ်ဝန်းကျင်အသစ်ပါ။ အင်္ဂလန်မှမဟုတ်ပါဘူး။ ဒီပတ်ဝန်းကျင်နဲ့ အသားမကျတဲ့အချို့ထိပ်တန်းအသင်းတွေလည်း ရုန်းကန်နေရတာပါပဲ။ ကျွန်တော်တို့ကစားသမားတွေက စိန်ခေါ်မှုပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာကစားနေရပေမယ့် တကယ်ကို တည်ငြိမ်နေကြပါတယ်။ ကျွန်တော်တို့ လက်ရှိသွင်းထားတဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ပရိသတ်တွေ ပိုပျော်ရွှင်ရတယ်ဆိုတာ သိပေမယ့် ဒီနေ့ပွဲမှာလည်း ကျွန်တော်တို့ တိုးတက်လာတယ်ဆိုတာ သေချာပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်ကို ၁-၁ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်ဟာ ဘောလုံးပိုင်မှု ၇၂ ရာခိုင်နှုန်းအထိရှိခဲ့ကာ ဘောလုံးပေးပို့မှု အကြိမ် ၇၀၀ နီးပါးပြုလုပ်နိုင်ခဲ့ပေမယ့် စလိုဗေးနီးယားနဲ့ပွဲမှာတော့ ဘောလုံးပေးပို့မှု အကြိမ် ၂၀၀ ကျော်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုပွဲစဉ်မှာ ဆောက်ဂိတ်ဟာ ကိုဘီမိုင်နူး၊ ကိုးလ်ပယ်မာနဲ့ အန်တိုနီဂေါ်ဒွန်တို့လို လူငယ်ကြယ်ပွင့်ကစားသမားတွေကို အသုံးပြုနိုင်ခဲ့တာကြောင့် အပြုသဘောဆောင်တဲ့ အချက်တွေလည်းရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဆက်လက်ပြီး ဆောက်ဂိတ်က “ဒီနေ့ည ကျွန်တော်တို့လုပ်ခဲ့တဲ့ အပြောင်းအလဲအချို့က အပြုသဘောဆောင်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကစားပုံက တိုးတက်နေပါတယ်။ ဒီလိုထိပ်တန်းအဆင့်ဘောလုံးပြိုင်ပွဲမှာ ၄ ဂိုး ၅ ဂိုးသွင်းနိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဂိုးတွေသွင်းနိုင်တော့မှာပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ ပြင်သစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်းက ယူရိုအုပ်စုအဆင့်ပွဲစဉ် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ အင်္ဂလန်အသင်းဟာ မကြာမီမှာကစားသွားရမယ့် ၁၆ သင်း အဆင့်ပွဲစဉ်မှာလည်း ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ ပေါ်တူဂီတို့ကို ရှောင်ရှားထားနိုင်တာကြောင့် ကွာတားဖိုင်နယ်ကို ဆက်လက်တက်လှမ်းနိုင်ဖို့ အခွင့်အရေးများနေပါတယ်။
နောက်ဆုံးအနေနဲ့ ဆောက်ဂိတ်က “လွန်ခဲ့တဲ့ ၃-၄ နှစ်ကနေစတင်ပြီး အသင်းကို ပျော်စရာကောင်းအောင် တည်ဆောက်ခဲ့ပါတယ်။ ကစားသမားတွေလည်း ဒီမှာကစားရတာ ပျော်တယ်လို့ထင်ပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားဖို့ဆိုရင်တော့ သေချာဂရုစိုက်ပြီး သတိကြီးကြီးထားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။