The network connection is lost.

Banner Image

ကစားသမားဘဝတုန်းက ဖာဂူဆန်ရဲ့ကင်းထောက်ခြင်းကို ခံခဲ့ရဖူးကြောင်း ဖွင့်ဟလာတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက သူဟာ ကစားသမားဘဝမှာ ဆဲလ်တစ်ကွင်းသို့လာရောက်ကစားစဉ်က မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ကင်းထောက်ခြင်းကို ခံခဲ့ရဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ ဆဲလ်တစ်ကို အဝေးကွင်းမှာလာရောက်ယှဉ်ပြိုင်ခဲ့ရပြီး ကွန်ပနီက သူကြုံတွေ့ခဲ့ရဖူးတဲ့ ဆဲလ်တစ်ကွင်းက အတွေ့အကြုံကို ပြန်လည်ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက ကွန်ပနီဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အတွက် ကစားပေးနေခဲ့ပါတယ်။ ထိုစဉ်က အန်ဒါလက်ချ်ဟာ ဥရောပပွဲစဉ်အဖြစ် ဆဲလ်တစ်ကို အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါပွဲစဉ်ကို ဖာဂူဆန်က လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ 

ဖာဂူဆန်အနေနဲ့ ထိုစဉ်က ကွန်ပနီကို အိုးလ်ထရက်ဖို့ဒ်သို့ခေါ်ယူနိုင်ဖို့ လာရောက်ကင်းထောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး ပွဲအပြီးမှာတော့ အန်ဒါလက်ချက် ၃-၁ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ထိုစဉ်က ကွန်ပနီရဲ့ခြေစွမ်းဟာ ဖာဂူဆန်ကိုစိတ်ကျေနပ်မှုမပေးနိုင်ခဲ့တာကြောင့် ကစားသမားဟာ အန်ဒါလက်ချ်မှာပဲ ဆက်လက်ကျန်ရှိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ‌တော့ ဘယ်လ်ဂျီယံသားဟာ ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ပြီး ကလပ်ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ 

ယခု ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်မှာ ဆဲလ်တစ်ကို ၁-၂ နဲ့အနိုင်ရခဲ့ပြီးနောက် ကွန်ပနီက "ဒီကွင်းကို နောက်ထပ်တစ်ကြိမ်ခြေချရလို့ အတိတ်ကို သတိရတာမျိုးတော့မရှိပါဘူး။ ကျွန်တော်က အခု နည်းပြတစ်ယောက်အနေနဲ့လာတာပါ။ ကစားသမားတစ်ယောက်အနေနဲ့မဟုတ်တော့ပါဘူး။ ဒါကြောင့် အတိတ်ကို အရမ်းသတိရနေတာမျိုးတော့ မဖြစ်ပါဘူး။ကျွန်တော်မှတ်မိပါသေးတယ်။ ဒီကွင်းကို ကစားသမားဘဝနဲ့လာတုန်းက ဆာအဲလက်စ်ဖာဂူဆန်က ကျွန်တော့်ကိုလာကြည့်ခဲ့ပါတယ်။ တကယ်လို့ အဲဒီပွဲမှာကျွန်တော်သာ ခြေစွမ်းကောင်းခဲ့ရင် သူ ကျွန်တော့်ကို ကမ်းလှမ်းမှုပြုလုပ်နိုင်ချေရှိခဲ့ပါတယ်"

"ဒါပေမယ့် ကျွန်တော့်အနေနဲ့ မန်စီးတီးအသင်းအတွက် ကစားခွင့်ရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ အဲဒီတုန်းက ကစားသမားတစ်ယောက်အနေနဲ့ တိုးတက်ဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။ ဘယ်လောက်ပဲအခက်အခဲတွေရှိရှိ ရှေ့ကိုဆက်သွားဖို့ပဲ ကြိုးစားခဲ့ပါတယ်။ ဆဲလ်တစ်က အိမ်ကွင်းမှာအရမ်းကောင်းတဲ့မှတ်တမ်းတွေရှိထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီရလဒ်ကောင်းတွေကပဲ ကျွန်တော်တို့အသင်းအတွက် ကြိုးစားချင်စိတ်ဖြစ်ပေါ်စေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပရော်ဖက်ရှင်ကစားသမားဘဝကို အန်ဒါလက်ချ်မှာ စတင်ခဲ့တဲ့ကွန်ပနီဟာ အသင်းမှာ ၃ ရာသီကြာနေထိုင်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှာ ဟမ်းဘတ်ကို ပြောင်းရွှေ့ခဲ့ကာ ၂၀၀၈ ခုနှစ်မှာတော့ မန်စီးတီးနဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မန်စီးတီးနဲ့အတူ စွယ်စုံရနောက်ခံလူဟာ အောင်မြင်တဲ့ကစားသမားဘဝကို တည်ဆောက်နိုင်ခဲ့ပြီး ဆုဖလားတွေလည်း အများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ ကွန်ပနီရဲ့ဘိုင်ယန်မြူးနစ်ဟာ ခက်ခဲတဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ လေဗာကူဆင်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆဲလ်တစ်ကို ဂျာမန်မြေမှာ ဧည့်ခံကစားသွားရပါမယ်။