
အော်လန်ဒိုနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး အသင်းကိုကယ်တင်ပေးခဲ့တဲ့မက်ဆီကို ဒီပေါလ် ချီးကျူး
အင်တာမီယာမီကွင်းလယ်လူ ရိုဒရီဂိုဒီပေါလ်က အော်လန်ဒိုကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တဲ့ အသင်းဖော် လီယွန်နယ်မက်ဆီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မီယာမီဟာ အော်လန်ဒိုကိုဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးမှ နောက်ကနေ လိုက်ကစားခဲ့တာဖြစ်ပြီး ဂိုးပြတ်အနိုင်ယူကာ လိဂ်ဖလားဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန်တက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။
အော်လန်ဒိုအတွက်ဦးဆောင်ဂိုးကို ပထမပိုင်းပြီးကာနီးမှာ ပါဆာလစ်က သွင်းယူပေးခဲ့ပေမယ့် အင်တာမီယာအတွက် ဂိုးတွေကိုတော့ ၇၆ မိနစ်နဲ့ ၈၈ မိနစ်မှာမက်ဆီ၊ ၉၀+၁ မိနစ်မှာ ဆီဂိုဗီယာတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဒီပေါလ်က "မက်ဆီက သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆိုတာကို ထပ်မံသက်သေပြသနိုင်ခဲ့ပါတယ်။ အမြဲတမ်းဆုံးဖြတ်ချက်ခိုင်မာပြီး ကမ္ဘာ့ဖလားတုန်းကလိုမျိုးပဲ စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
ယခုအော်လန်ဒိုနဲ့ပွဲစဉ်အပါအဝင် မက်ဆီဟာ အင်တာမီယာမီအတွက် စုစုပေါင်း ၄၉ ပွဲကစားပြီး ၃၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။ မက်ဆီဟာ ယခုပွဲစဉ်မှာ ချေပဂိုးကိုတော့ ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပြီး အော်လန်ဒိုမှ ပွဲကစားချိန် ၇၅ မိနစ်မှာ ကစားသမားတစ်ယောက် အနီကတ်ထုတ်ပယ်ခံခဲ့ရတာကြောင့် အင်တာမီယာမီအနေနဲ့ ၁၅ မိနစ်ကျော်လောက်အထိ ကစားသမားတစ်ယောက်အသာနဲ့ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် အင်တာမီယာမီဟာ ၁၀ ပွဲဆက်တိုက် အိမ်ကွင်းရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို ရရှိခဲ့ပြီး လာမယ့် တနင်္လာနေ့မှာတော့ လိဂ်ဖလားဗိုလ်လုပွဲစဉ်အဖြစ် ဆီတယ်လ်ဆောင်ဒါ သို့မဟုတ် အယ်လ်အေဂလက်ဆီကို အိမ်ကွင်းမှာပဲ ဧည့်ခံယှဉ်ပြိုင်သွားရပါမယ်။