The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ပြန်လည်ချိတ်ဆက်ဖို့ ဆန္ဒရှိနေဆဲဖြစ်တဲ့ ရာမို့စ်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်နောက်ခံလူဟောင်း ဆာဂျီယိုရာမို့စ်ဟာ မေဂျာလိဂ်ကလပ်တွေရဲ့ ချိတ်ဆက်မှုတွေနဲ့ ကြုံတွေ့ထားရပေမယ့် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်သို့သာပြန်သွားဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ 

ဒေးဗစ်အလာဘာ၊ အီဒါမီလီတာအိုနဲ့ ဒန်နီကာဗာဂျယ်တို့လို အဓိကနောက်ခံလူတွေ ဒဏ်ရာရနေတဲ့ရီးရဲလ်မက်ဒရစ်အတွက် နောက်တန်းပိုင်းအင်အားဖြည့်တင်းဖို့လိုအပ်နေသလို၊ ရာမို့စ်ကလည်း အသင်းလက်မဲ့ဖြစ်နေပေမယ့် အချို့သတင်းတွေကလည်း စပိန်သားကို ဘာနေဗျူးမှာ ထပ်မံမြင်တွေ့ရဖို့ အလားအလာမရှိကြောင်း ဖော်ပြထားကြပါတယ်။ 

ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ဆီဗီလာကနေ ထွက်ခွာလာခဲ့တဲ့ ရာမို့စ်ဟာ အခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေဆဲပါ။ တူရကီ၊ ဆော်ဒီနဲ့ မေဂျာလိဂ်ကလပ်တွေက ဝါရင့်နောက်ခံလူကို ကမ်းလှမ်းမှုတွေပြုလုပ်ထားကြပေမယ့် ကစားသမားကတော့ အခုချိန်အထိ ဘယ်အသင်းနဲ့မှ ချိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ သို့သော် ယခုအခါမှာတော့ သတင်းတွေအရ အသက်-၃၈ နှစ်အရွယ်ကစားသမားဟာ လာမယ့်ဇန်နဝါရီမှာပဲ အသင်းသစ်နဲ့ချိတ်ဆက်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်မှာ ၁၆ နှစ်ကြာနေထိုင်ခဲ့တဲ့ ရာမို့စ်ဟာ စပိန်ချန်ပီယံတွေအတွက် ပြိုင်ပွဲစုံ ၆၇၁ ပွဲကစားပြီး ၁၀၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်အသင်းအတွက် ပွဲ ၁၈၀ အထိကစားထားနိုင်တဲ့ စပိန်သားဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားအောင်မြင်မှု ၂၂ ကြိမ်အထိရရှိခဲ့ပါတယ်။ 

လာမယ့်နှစ်မှာ အသက်-၃၉ နှစ်ပြည့်တော့မှာဖြစ်လို့ ဘောလုံးကစားသမားဘဝ အချိန်သိပ်မကျန်တော့တဲ့ ရာမို့စ်အနေနဲ့ ဒုတိယရာသီဝက်မှာတော့ ဘောလုံးအသင်းတစ်သင်းနဲ့ချိတ်ဆက်သွားမှာကို မြင်တွေ့ရဖို့ရှိနေပါတယ်။