
ဒူးထောက်ပြီး အသက်ရှင်နေမယ့်အစား မတ်တပ်ရပ်ပြီး သေရဲတယ်’ လို့ ပြောကြားလိုက်တဲ့ ဆာဂျီယို ရာမို့စ်
စပိန်လက်ရွေးစင်ဟောင်း ဆာဂျီယို ရာမို့စ်ဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ ဂီတလောကသို့ ဝင်ရောက်လာပြီးနောက် သူ ရီးရဲလ် မက်ဒရစ်မှ ထွက်ခွာခဲ့ခြင်းနှင့် ပတ်သက်လို့ ဖလော်ရန်တီနို ပီရက်ဇ်နဲ့ ရီးရဲလ် မက်ဒရစ်ကို တိုက်ခိုက်ပုံရပါတယ်။
ကမ္ဘာ့ဖလားဆုရှင် နောက်ခံလူဟာ ရီးရဲလ်မှာ ၁၆ နှစ်ကြာ ရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်က ဘာနာဗျူးကနေ ထွက်ခွာခဲ့သူဖြစ်ပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်မှာရှိခဲ့စဉ်က လာလီဂါဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ရာမို့စ်ဟာ ရီးရဲလ်အတွက် ၆၇၁ ပွဲမှာ ၁၀၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် တာဝန်ယူခဲ့သလို ခေတ်သစ် ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာ ဂန္ထဝင်ကစားသမား လီယွန်နယ် မက်ဆီနဲ့အတူ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့ ရာမို့စ်ရဲ့ အပြောင်းအရွှေ့ကတော့ အများစုကို အံ့အားသင့်စေခဲ့ပါတယ်။
ရီးရဲလ်အသင်းက စာချုပ်အသစ် ကမ်းလှမ်းခဲ့ပေမယ့် အစပိုင်းမှာ လက်ခံခြင်းမရှိခဲ့တဲ့ ရာမို့စ်ဟာ နောက်ပိုင်းမှာ စာချုပ်အသစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပေမယ့် အသက် ၃၉ နှစ်အရွယ်မှာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ရမယ့်အခြေအနေကို မလိုလားခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ ‘စီဘီးလီးစ်’ လို့ အမည်ရတဲ့ သီချင်းအသစ်မှာ ရီးရဲလ်ကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်လို့ ရည်ညွှန်းခဲ့တာဖြစ်ပြီး၊ ‘စီဘီးလီးစ်’ ဟာ ရီးရဲလ် မက်ဒရစ်အသင်း ဖလားဆွတ်ခူးတဲ့အခါ အောင်ပွဲခံလေ့ရှိတဲ့ နေရာရဲ့ နာမည်လည်း ဖြစ်ပါတယ်။
သီချင်းရဲ့အစမှာ ရာမို့စ်က ‘ကျွန်တော် မပြောဖြစ်ခဲ့တဲ့အရာတွေ ရှိခဲ့တယ်။ အဲဒါတွေက ကျွန်တော့်ကို အခုထိ နာကျင်နေဆဲပဲ။ ကျွန်တော် ဘယ်တုန်းကမှ ထွက်ခွာချင်ခဲ့တာ မဟုတ်ဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို ပျံသန်းဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော့်ရဲ့ပုံစံမဟုတ်ခဲ့ဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို ပျံသန်းဖို့ တောင်းဆိုခဲ့တယ်။ ကျေးဇူးတင်စရာပဲ ကျွန်တော် ထွက်လာခဲ့ရလို့၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ကျွန်တော့်ကို အရင်ကလို မဆက်ဆံတော့ဘူး။’
‘ဒူးထောက်ပြီး အသက်ရှင်နေမယ့်အစား မတ်တပ်ရပ်ပြီး သေရဲတယ်။ ခင်ဗျားတို့က ကျွန်တော့်ကို မေ့သွားခဲ့တယ်။ ဘာမှဆုံးဖြတ်နိုင်စွမ်းမရှိဘဲ ခင်ဗျားတို့က ကျွန်တော့်ကို ဘေးဖယ်ထားခဲ့တယ်။ အဲဒါက ကျွန်တော့်ကို အနာကျင်ရဆုံးပဲ’ လို့ သီဆိုခဲ့ပါတယ်။
လက်ရှိမှာ မက္ကဆီကန်ကလပ် မွန်တာရေးအသင်းမှာ ကစားနေတဲ့ ရာမို့စ်ဟာ စာချုပ်အသစ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေချိန်မှာ စာချုပ်ကမ်းလှမ်းမှု သက်တမ်းကုန်ဆုံးသွားပြီလို့ အကြောင်းကြားခဲ့တဲ့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ စကားများခဲ့ပေမယ့်၊ တစ်ချိန်ချိန်မှာ မလိုမုန်းထားမှုတွေကို မေ့ပစ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သီချင်းရဲ့စာသားထဲမှာ ‘ဒါတွေအားလုံး ဖြစ်ခဲ့ပေမယ့် ကျွန်တော် ပြန်လာရတာကို ပျော်ရွှင်မိမှာပါ’လို့ သီဆိုခဲ့ပါတယ်။