The network connection is lost.

Banner Image

မူစီယာလာဒဏ်ရာရရှိမှုအတွက် ဒွန်နာရမ်မာကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ ရင်ဆိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွင်း မူစီယာလာရဲ့ဆိုးရွားလှတဲ့ဒဏ်ရာပြဿနာပေါ်ပေါက်လာမှုအတွက် ဒွန်နာရမ်မာကို နူအာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်က အီတာလျံဂိုးသမားကို ကာကွယ်ပေးဖို့ ရောက်ရှိလာခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဆိုးရွားလှတဲ့ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ မူစီယာလာကို လူနာတင်ထမ်းစင်ဖြင့် ကွင်းတွင်းမှ ခေါ်ထုတ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီကို ဘိုင်ယန်မြူးနစ်က ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ဒွန်နာရမ်မာနဲ့ မတော်တဆထိခိုက်ပြီးနောက် ဂျာမန်ကွင်းလယ်ကစားသမားကို လူနာတင်ထမ်းစင်ဖြင့် ခေါ်ယူသွားခဲ့ရတာပါ။ အခုဖြစ်စဉ်မှာ မူစီယာလာရဲ့ခြေကျင်းဝတ် အတော်လေးလည်ထွက်သွားခဲ့ပြီး ကွင်းတွင်းမှာရှိနေတဲ့ကစားသမားအားလုံးကို စိတ်နှလုံးပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာတော့ ဝါရင့်ဘိုင်ယန်မြူးနစ်ဂိုးသမားနူအာက မူစီယာလာဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့ ပီအက်စ်ဂျီဂိုးသမားရဲ့မဆင်မခြင်လုပ်ရပ်လို့ ပြောဆိုရင်း ဒွန်နာရမ်မာကို ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်ကတော့ မူစီယာလာဖြစ်ရပ်အတွက် ပီအက်စ်ဂျီဂိုးသမားကို အပြစ်မတင်သင့်ဘူးလို့ ပြောဆိုရင်း ဒွန်နာရမ်မာကို ကာကွယ်ပေးခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဘယ်လ်ဂျီယံသားက “ မူစီယာလာဒဏ်ရာရရှိမှုအတွက် ဒွန်နာရမ်မာကို ဝေဖန်ပြစ်တင်နေမှုက ကျွန်တော့်အတွက်ဆိုရင် အတော်လေးလွန်လွန်ကျူးကျူးဖြစ်တယ်လို့ ရှုမြင်မိပါတယ်။ ဂိုးသမားတွေက ဘောလုံးဆီကိုပဲ အာရုံစိုက်ထားတာပါ။ တိုက်စစ်မှူးတွေကိုယ်တိုင်လည်း ဂိုးသွင်းဖို့အခွင့်အရေးရှိမယ်ဆိုရင် ဘယ်တော့မှနောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး။ ဒါက ကံဆိုးတဲ့ဖြစ်ရပ် တစ်ခုပါပဲ။ နူအာရဲ့အသင်းဖော်ဖြစ်နေလို့ နူအာကို ပိုပြီးနာကျင်စေပါလိမ့်မယ်။ ဒါပေမဲ့ ဒွန်နာရမ်မာကိုတော့ အပြစ်မတင်သင့်ပါဘူး”လို့ ပြောပါတယ်။

အသက်-၂၆ နှစ်အရွယ်ဂိုးသမား ဒွန်နာရမ်မာက လာမယ့်ဗုဒ္ဓဟူးနေ့၊ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိဥရောပချန်ပီယံအသင်းအတွက် ပါဝင်ကစားပေးပါလိမ့်မယ်။