
ဂွါဒီယိုလာရဲ့ဆန္ဒအရ ဆာဗင်ဟိုကို ယခုနွေရာသီမှာ ရောင်းချမှာမဟုတ်တဲ့ မန်စီးတီး
မန်ချက်စတာစီးတီးဟာ အသင်းရဲ့တောင်ပံကစားသမား ဆာဗင်ဟိုကို တော့တင်ဟမ်ထံရောင်းချတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ကစားသမားအနေနဲ့လည်း အီတီဟတ်မှထွက်ခွာလိုနေပေမယ့် ယခုအခါမှာတော့ နည်းပြကြီး ပက်ဂွါဒီယိုလာရဲ့ဆန္ဒအရ အသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားတော့မယ်လို့ သိရပါတယ်။
နည်းပြသစ်သောမတ်စ်ဖရန့်ခ်ဦးဆောင်နေတဲ့ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဘန်လေကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီး ရလဒ်ကောင်းကို စတင်ဖော်ဆောင်ထားနိုင်ခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းကို ဆက်လက်အင်အားဖြည့်တင်းလိုနေဆဲဖြစ်ပြီး ဆာဗင်ဟိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တော့တင်ဟမ်ဟာအသင်းခေါင်းဆောင် ခရစ်ရှင်ရိုမဲရိုးကိုလည်း စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
သို့သော်လည်း တစ်ဖက်မှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဆာဗင်ဟိုကို ယခုနွေရာသီမှာ အဆုံးရှုံးခံဖို့ ဆန္ဒမရှိတာကြောင့် အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဝုဗ်ကိုအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဂွါဒီယိုလာက ဆာဗင်ဟိုကို အသင်းမှာ တစ်ရာသီလောက် ဆက်လက်ထားရှိသွားမယ်လို့ပြောကြားခဲ့ကြောင်း သတင်းတွေကဖော်ပြထားပါတယ်။
ဆာဗင်ဟိုရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဂျာနယ်လစ် ဂရေမီဘိုင်လီက "ဝုဗ်နဲ့ပွဲမှာ မပါဝင်ဖို့ ဆာဗင်ဟိုကိုယ်တိုင် သဘောတူထားခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလက ကုန်ဆုံးတော့မှာြဖစ်လို့ ဒီလိုဆုံးဖြတ်ချက်က သိပ်အကောင်းကြီးတော့မဟုတ်ပါဘူး။ ပြီးတော့ ပက်ဂွါဒီယိုလာက ကစားသမားကို အဆုံးရှုံးမခံချင်ဘူးလို့ ကျွန်တော်ကြားပါတယ်။ ဒါက အဓိကသော့ချက်ပါပဲ။ မန်စီးတီးအနေနဲ့ ဂွါဒီယိုလာရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ဆာဗင်ဟိုကို ရောင်းမှာတော့မဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဝုဗ်ကို အဝေးကွင်းမှာ ၀-၄ နဲ့ဂိုးပြတ်အနိုင်ရထားခဲ့တဲ့မန်စီးတီးဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တော့တင်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။