အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ချိတ်ဆက်ခဲ့တဲ့အပေါ် ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆက်စ်ကို
အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ပစ်မှတ် လိုက်ပ်ဇစ်စတား ဆက်စ်ကိုက ထိပ်တန်းအသင်းတွေရဲ့စိတ်ဝင်စားခြင်းခံရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောကြားလိုက်ပါတယ်။
ဆလိုဗေးနီးယားသားဟာ လက်ရှိယူရိုပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးနေတာဖြစ်ပြီး အာဆင်နယ်အပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်စတားက အသင်းမပြောင်းပဲ ဂျာမန်မြေမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကာ အပြောင်းအရွှေ့သတင်းတွေကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
“အရိုးသားဆုံးဝန်ခံရရင် ဖိအားတွေအများကြီးပါ။ ကျွန်တော် မှန်ကန်တဲ့အသင်းကိုပြောင်းဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ အဲ့တာက ကောင်းမွန်တဲ့ဖိအားပါ။ လူတွေက ခင်ဗျားအကြောင်းပြောရင် ကောင်းလား ဒါမှမဟုတ် ဆိုးလားဆိုတာက ပြဿနာမဟုတ်ပါဘူး။ အတိတ်တုန်းက ကောင်းတာလုပ်ခဲ့ရင် လူတွေက အဲ့အကြောင်း ပြောကြပါလိမ့်မယ်။ ကျွန်တော် စိတ်ရှင်းရှင်းပဲထားသလို ဒီအသင်းမှာ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခွင့်ရတာကို ပျော်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရနေတာက ကျွန်တော့်အတွက် ကောင်းမွန်တဲ့အခွင့်အရေးပါ။ ဒီလိုပါဝင်ခွင့်ရလို့လည်း ကျွန်တော်တကယ်ဂုဏ်ယူမိပါတယ်။ ဒီမှာအတွေ့အကြုံတွေအများကြီး ရသလို တိုးတက်မှုလည်းရှိလာပါတယ်။ ကျွန်တော့်ဘဝအတွက် ယေဘုယျအားဖြင့် တကယ်အရေးပါတဲ့အရာပါ။ ဒီမှာ ကောင်းမွန်တဲ့ အချိန်တွေရှိခဲ့သလို အဲ့တာကို ဆက်သွားနိုင်ဖို့ လုပ်ဆောင်နေပါတယ်”လို့ ဆက်စ်ကိုက ပြောကြားခဲ့ပါတယ်။
ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အတွက် ၄၂ ပွဲမှာ ၁၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက်တော့ ၃၀ ပွဲမှာ ၁၁ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၄ မှာတော့ ဆက်စ်ကိုတစ်ယောက် သွင်းဂိုးမရသေးပေမယ့် သူ့ရဲ့အသင်းကတော့ ဒိန်းမတ်နဲ့ ဆားဘီးယားတို့ကို သရေကန်ထားနိုင်ခဲ့ကာ အင်္ဂလန်အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းရယူချင်နေပါတယ်။
အင်္ဂလန်ကလည်း ယူရိုမှာရုန်းကန်နေရပြီး ဆလိုဗေးနီးယားနဲ့ပွဲမှာ အစမ်းသပ်ခံရမှာဖြစ်ပါတယ်။ “မှန်ပါတယ်။ ကျွန်တော်တို့ အင်္ဂလန်နဲ့ပွဲမှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ သူတို့ ပွဲကောင်း ၂ ပွဲကိုကစားခဲ့ပါတယ်။ အကောင်းဆုံး ခြေစွမ်းတော့ မပြနိုင်သေးပါဘူး။ ဒါပေမယ့်လည်း အကောင်းဆုံး အနေအထားမှာရှိနေဆဲပါ။ ကျွန်တော်တို့အတွက်လည်း သူတို့နဲ့ ကန်ရတာက အခွင့်အရေးကောင်းတစ်ရပ်ဖြစ်လာနိုင်ပါတယ်”လို့ ဆက်စ်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။