ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ လက်ချီဥက္ကဌ ထုတ်ဖော်ပြောကြား
လက်ချီအသင်းဥက္ကဌ ဒါမာနီက မိမိတို့အနေနဲ့ နောက်ခံလူ ဒိုဂူအပြောင်းအရွှေ့အတွက် ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူနေရာအတွက် ဈေးကွက်ထဲမှာ ကစားသမားသစ်ရှာဖွေနေပြီး လက်ချီစတားကို မျက်စိကျနေပါတယ်။လက်ရှိအသင်းမှာ ဒါလော့တ် ၊ မာဇာဝီ နဲ့ မာလာစီယာတို့ရှိနေပေမယ့် အာမိုရင် ဒိုဂူကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ဒိန်းမတ်သားဟာ လက်ချီအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အခုဆောင်းရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အာမိုရင်ရဲ့နည်းစနစ်ပိုင်းမှာ ဒိုဂူဟာ အံဝင်နိုင်သလို ခံစစ်ကော တိုက်စစ်ပိုင်းပါ လိုက်ပါကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ဒိုဂူအပြောင်းအရွှေ့အတွက် လက်ချီအသင်းနဲ့အီတလီမြေမှာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဟာ ကနဦးကမ်းလှမ်းမှု ယူရိုသန်း ၃၀ အပြင် ထပ်ဆောင်းအပိုဆုကြေးတွေနဲ့ပါ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လက်ချီဘက်ကတော့ သူတို့ကစားသမားအတွက် ယူရိုသန်း ၄၀ လောက်အလိုရှိနေပြီး ယူရို ၃၅ သန်း နဲ့ ထပ်ဆောင်းအပိုဆုကြေးတွေပါဝင်မယ်ဆိုရင် လက်ခံဖွယ်ရှိနေပါတယ်။ လက်ချီအသင်းဥက္ကဌ ဒါမာနီကလည်း မိမိတို့ဟာ ဒိုဂူအပြောင်းအရွှေ့အတွက် ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
“ကျွန်တော်တို့ကစားသမားအတွက် ယူနိုက်တက်နဲ့တွေ့ဆုံခဲ့ပါတယ်။ ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုကို ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပစ်မှတ်က ကစားသမားကို စီးရီးအေမှာ ဆက်ထိန်းထားနိုင်ဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။ ဒိုဂူကို ယူနိုက်တက်အပြင် နာပိုလီ နဲ့ ချဲလ်ဆီးတို့ကလည်း ချိတ်ဆက်နေပြီး ချဲလ်ဆီးဘက်က ဒိန်းမတ်သားကို ပြီးခဲ့တဲ့နှစ်ကတည်းက ချိတ်ဆက်ခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှုတော့ မလုပ်သေးတာဖြစ်ပါတယ်။