
ဆာဘီးယားနဲ့ ကစားမယ့် ယူရိုအဖွင့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုအပြည့်အဝမရသေးတဲ့ ဆာကာ
အင်္ဂလန်အသင်းနဲ့ အာဆင်နယ်ကြယ်ပွင့်ကစားသမား ဘူကာယိုဆာကာဟာ ဆာဘီးယားနဲ့ကစားမယ့် ယူရိုအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု အပြည့်အဝမရသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ နည်းပြဂါရတ်ဆောက်ဂိတ်ဟာ ဆာကာရဲ့နေရာမှာ အစားထိုးထည့်သွင်းဖို့အတွက် ကစားသမား ရွေးချယ်မှုတွေပြုလုပ်နေရပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။
၂၀၂၀ ခုနှစ်အတွင်း အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ စတင်ရွေးချယ်ခံခဲ့ရပြီးကတည်းက အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းမှာ အမြဲတမ်းနီးပါး ပွဲထွက်ကစားခွင့်ရခဲ့ပြီး အင်္ဂလန်အသင်းရဲ့ ၁ နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ၂ ကြိမ်အထိဆွတ်ခူးထားနိုင်တာဖြစ်ပါတယ်။
သို့သော်လည်း ကစားသမားဟာ အာဆင်နယ်အသင်းမှာရှိစဉ်က လေ့ကျင့်ကွင်းအတွင်း ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ရုန်းကန်နေရဆဲဖြစ်ပြီး ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ ကြံ့ခိုင်မှုအပြည့်အဝမရသေးတာကြောင့် ဆာကာဟာ ပြီးခဲ့တဲ့အပတ်က ဘော့စနီးယားကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့အပြင် သောကြာနေ့က အိုက်စလန်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ပွဲကစားချိန် ၆၅ မိနစ်ရောက်မှသာ လူစားဝင်ကစားသမားအဖြစ်ပါဝင်နိုင်ခဲ့ပါတယ်။ သတင်းတွေအရ ဆာကာရဲ့ ကြံ့ခိုင်ရေးအခြေအနေဟာ စိုးရိမ်နေရဆဲဖြစ်တာကြောင့် အင်္ဂလန်အသင်းရဲ့ ဆေးအဖွဲ့က ဆာဘီးယားနဲ့ပွဲစဉ်မတိုင်ခင် တောင်ပံကစားသမားရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို စီမံခန့်ခွဲမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။
ဆောက်ဂိတ်ကိုယ်တိုင်ကလည်း ဆာကာရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ပျက်ကွက်မှုကြောင့် ယူရိုပွဲဦးထွက်ပွဲစဉ်မှာ ထည့်သွင်းနိုင်ဖို့ ရှိမရှိကို အနီးကပ်စောင့်ကြည့်သွားရဦးမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဆောက်ဂိတ် လက်အောက်မှာ ဆာကာဟာ အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၃၃ ပွဲကစားထားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ယူရိုပြိုင်ပွဲမှာတုန်းကလည်း ဆာကာဟာ အင်္ဂလန်အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ အီတလီကိုရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အိုက်စလန်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ ဂူဟီတို့ရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆောက်ဂိတ်က “ဂျွန်က ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်နေတာကြောင့် စွန့်စားမှုမယူသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး လူစားလဲခဲ့တာပါ။ ဂူဟီကလည်း အခြေအနေကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ရဲ့ နိမ့်ကျတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်း ဆောက်ဂိတ်က “ကျွန်တော်တို့ ဒီပွဲမှာ အဓိကအာရုံစိုက်ထားတာက စိတ်ဓာတ်ပိုင်းကြံ့ခိုင်ဖို့နဲ့ အသင်းကို ဘယ်လိုမောင်းနှင်ရမလဲဆိုတာကို အဖြေရှာဖို့ပါ။ ကျွန်တော်တို့အနေနဲ့ ဒီလိုထိပ်တန်းအဆင့်မှာ ဘယ်လိုအသင်းကိုမဆို အနိုင်ယူဖို့လိုအပ်ပေမယ့် ဒီနေ့မှာတော့ အလှမ်းဝေးခဲ့ပါတယ်။ အိုက်စလန်က နိုင်ပွဲနဲ့ထိုက်တန်ပါတယ်။ သူတို့မှာ အခွင့်အရေးကောင်းတွေအများကြီး ရှိခဲ့ပြီး ကျွန်တော်တို့မှာ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ နောက်အပတ်မှာတော့ အသင်းကိုဘယ်လိုမောင်းနှင်သွားမလဲဆိုတာ အာရုံစိုက်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။