The network connection is lost.

Banner Image

အယ်လ်ဟီလယ်သို့ပြောင်းလာဖို့ ဖာနန်ဒက်စ်ကို နီဗက်စ်တိုက်တွန်း

အယ်လ်ဟီလယ်ကွင်းလယ်လူ ရူဘင်နီဗက်စ်က ပေါ်တူဂီလက်ရွေးစင်အသင်းဖော် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဘရူနိုဖာနန်ဒက်စ်အား အသင်းသို့ပြောင်းရွှေ့လာဖို့ တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဖာနန်ဒက်စ်တစ်ယောက် ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး အယ်လ်ဟီလယ်ဟာ ကစားသမားကို ၃ နှစ်စာချုပ်အတွက် ပေါင်သန်း ၂၀၀ ကျော်အထိပေးချေပြီး ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ကတော့ တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းကျော်အထိရရှိနိုင်တဲ့ အဆိုပါကမ်းလှမ်းချက်ကို အခုချိန်အထိတော့ ပြန်လည်တုံ့ပြန်ခြင်းမရှိသေးပါဘူး။ 

ယခုအခါမှာတော့ ဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီအသင်းဖော် နီဗက်စ်က "ပေါ်တူဂီလက်ရွေးစင်အသင်းမှာရှိနေတဲ့ကစားသမားတိုင်းကိုခေါ်ယူဖို့ အသင်းကိုကျွန်တော်အကြံပေးထားပါတယ်။ ပေါ်တူဂီက ပါရမီရှင်ကစားသမားတွေ မွေးထုတ်ပေးနေပြီး ဆက်လက်လည်း မွေးထုတ်နေဦးမှာပါ။ ကျွန်တော်တို့နိုင်ငံက ကံကောင်းတဲ့နိုင်ငံတစ်ခုပါ။ လူတွေကလည်း အလုပ်ကြိုးစားကြပါတယ်။ နိုင်ငံကသေးပေမယ့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေ မွေးထုတ်ပေးနေပါတယ်။ လက်ရွေးစင်အသင်းက ဘယ်ကစားသမားမဆို ဒီကိုလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ အပြောင်းအရွှေ့အတွက် ဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အယ်လ်ဟီလယ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆော်ဒီမှာ လူတွေ့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ပေါ်တူဂီသားဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရှုံးနိမ့်ပြီးကတည်းက အသင်းအတွက် ဘဏ္ဍာငွေအထောက်အပံ့ဖြစ်စေဖို့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာသွားရနိုင်တယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။ 

အယ်လ်ဟီလယ်ဟာ ယခုလအတွင်းကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားရယူဖို့ပစ်မှတ်ထားနေတာကြောင့် ဖာနန်ဒက်စ်ကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကြိုးစားလာနိုင်ချေရှိပါတယ်။ ဒါ့အပြင် ဆော်ဒီကလပ်ဟာ အင်တာနည်းပြ အင်ဇာဂီကိုလည်းပစ်မှတ်ထားနေပြီး အသင်းရဲ့နည်းပြချုပ်အဖြစ်ခန့်အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။