
ယူရိုပါလိဂ်ဖလားလိုချင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တော့မလိုချင်ဘူးဆိုတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကိုအနိုင်ယူပြီး ဆုဖလားကိုဆွတ်ခူးလိုပေမယ့် အသင်းမှာ ပြင်ဆင်ဖို့အချိန်လိုအပ်သေးတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တော့ မလိုချင်သေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
အာမိုရင်က အသင်းအနေနဲ့ တော့တင်ဟမ်ကိုအနိုင်ရပြီး နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါက အသင်းရဲ့တိုးတက်မှုတွေအတွက် အချိန်ပေးပြီးပြင်ဆင်ရမယ့် အစီအစဉ်တွေမှာ နှောင့်နှေးမှုတွေဖြစ်စေနိုင်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။
ချန်ပီယံလိဂ်မကစားရတာက အသင်းအတွက်အကူအညီဖြစ်စေမလားလို့ မေးမြန်းခဲ့ရာ အာမိုရင်က "ကျွန်တော်ကတော့ အဲဒီလိုထင်ပါတယ်။ ကျွန်တော်တို့ ကာရင်တန်မှာ ပြင်ဆင်ဖို့လိုအပ်နေတာတွေ ရှိပါသေးတယ်။ လာမယ့်ပွဲစဉ်တစ်ပွဲတည်းအပေါ်မှာပဲ အာရုံစိုက်နေလို့မရပါဘူး။ ကျွန်တော်တို့ ဥရောပဘောလုံးလောကမှာရော၊ ပရီးမီးယားလိဂ်မှာပါ ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ဖို့လိုအပ်တယ်ဆိုတာ ဒီရာသီမှာ မြင်တွေ့ခဲ့ရပါတယ်"
"တကယ်လို့ အခုလာမယ့်ဗိုလ်လုပွဲမှာမနိုင်ဘူးဆိုရင်လည်း အသင်းအတွက် အရမ်းအခြေအနေဆိုးသွားပါလိမ့်မယ်။ ကျွန်တော်ဆင်ခြေတွေလည်း မပေးချင်ပါဘူး။ ပရိသတ်တွေရဲ့စိတ်ရှည်ရှည်အားပေးမှုကိုလည်း ကျွန်တော်တို့အသိအမှတ်ပြုဖို့လိုပါတယ်။ တကယ်လို့ ဒီဖလားကိုသာမရခဲ့ရင် နောက်ရာသီမှာ ကျွန်တော်တို့အတွက် ကန့်သတ်မှုတွေဖြစ်လာနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်က အခုလိုပြောကြားခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့တော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါက လာမယ့်နွေရာသီမှာ ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲခွင့်ရမှာဖြစ်လို့ ဒီဗိုလ်လုပွဲမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဆုဖလားရရှိပါက ဥရောပထိပ်တန်းကစားသမားတွေကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆွဲဆောင်ဖို့လည်း အခွင့်အရေးရှိနေတာဖြစ်ပါတယ်။
လာမယ့်အပတ် တော့တင်ဟမ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမကစားရမီ ယခုတစ်ပတ်အတွင်းမှာတော့ အာမိုရင်ရဲ့အသင်းဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက်ရင်ဆိုင်ရပါမယ်။