The network connection is lost.

Banner Image

မိုင်နူးကို သူနဲ့လိုက်ဖက်တဲ့နေရာမှာ ပြောင်းလဲကစားခိုင်းသွားမယ်လို့ အာမိုရင်ပြောကြား

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကို သူနဲ့လိုက်ဖက်တဲ့နေရာမှာ ကစားခိုင်းမှာဖြစ်ကြောင်းနဲ့ တိုးတက်မှုတွေ သိသိသာသာမြင်တွေ့လာရဖို့ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ သောကြာနေ့နံနက် လိုင်ယွန်နဲ့ယှဉ်ပြိုင်သွားမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ မိုင်နူးဟာ ယူနိုက်တက် လူစာရင်းထဲသို့ပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ဒဏ်ရာပြဿနာကြောင့် ၉ ပတ်ကြာအနားယူခဲ့ရပြီး အခုချိန်မှသာ ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားနိုင်မှာလည်းဖြစ်ပါတယ်။ 

အာမိုရင်က မိုင်နူးရဲ့ကြံ့ခိုင်မှုအခြေအနေကို ဂရုစိုက်ဖို့ လိုအပ်နေသေးကြောင်းပြောကြားခဲ့ပြီး ကစားသမားကို ဘယ်လိုနေရာမှာ ထားပြီးအသုံးပြုသွားမလဲဆိုတာပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ မိုင်နူးကို အကူအညီပေးဖို့လိုပါတယ်။ ကတ်စ်မဲရိုးပိုကောင်းလာတယ်ဆိုတာ ကျွန်တော်တို့ သူနဲ့လိုက်ဖက်တဲ့နေရာကို ရှာပေးနိုင်ခဲ့လို့ပါ။ မိုင်နူးကလည်း အဲဒီလိုပဲ သူနဲ့လိုက်ဖက်တဲ့နေရာကို ရှာပေးသွားမှာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဒါကို လိုက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူက ပြိုင်ဘက်ဂိုးဧရိယာနားမှာ ပိုကောင်းအောင်ကစားနိုင်ပါတယ်။ သူနဲ့လိုက်ဖက်တဲ့နေရာလွတ်ကို ရှာဖွေပေးနိုင်ဖို့ ကြိုးစားသွားပါမယ်"

"ကျွန်တော့်အမြင်မှာတော့ မိုင်နူးက တိုးတက်ဖို့လိုအပ်နေတာတွေရှိနေပါသေးတယ်။ သူကအရမ်းကောင်းတဲ့ကစားသမားပါ။ဒါပေမယ့် တိုက်စစ်စတင်တဲ့အချိန်တို့ ကစားကွက်တည်ဆောက်တဲ့အချိန်တို့မှာတော့ သူ့ရဲ့တိုးတက်မှုကို အခုထက်ပိုပြီးမြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာအနားမှာဆိုရင်တော့ သူက ပိုကောင်းပါတယ်။ ဒါကြောင့်ပဲ ယူရိုပါလိဂ်ပွဲစဉ်တိုင်းမှာ သူ့ကို အဲဒီနေရာမှာပဲ ကစားခိုင်းထားတာပါ" လို့ပြောကြားခဲ့ပါတယ်။ 

မိုင်နူးရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က "လောလောဆယ်မှာတော့ ကျွန်တော်သူ့ကို ပြည့်စုံတဲ့ကစားသမားတစ်ယောက်လို့မမြင်သေးပါဘူး။ သူ့ရဲ့အသက်ကလည်း ၁၉ နှစ်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကို ထိန်းသိမ်းဖို့ ဂရုစိုက်သွားရပါမယ်။ သူ အသင်းအတွက်မကစားရတာ ကြာပါပြီ။ အသင်းမှာ ရွေးချယ်စရာတွေများလာတဲ့အတွက် ဝမ်းသာပါတယ်။ ပြီးတော့ အခုလို မိုင်နူးလိုကစားသမားကို ပြန်ရလိုက်တာ ကျွန်တော်တို့အတွက် အားတက်စရာပါ။ သူ့ကို ကြံ့ခိုင်မှုပြည့်ဝအောင် ဂရိုစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။