
အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူမယ့်သတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ယခုနွေရာသီအတွင်း အက်စတွန်ဗီလာဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ကိုခေါ်ယူမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ သတင်းတွေအရ မကြာသေးမီက ယူနိုက်တက်ဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာရဲ့နေရာမှာ ဂိုးသမားသစ် အစားထိုးဖို့ပြင်ဆင်နေပြီး မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
အိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိလာကတည်းက တည်ငြိမ်တဲ့လက်စွမ်းကိုထိန်းသိမ်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သိသာထင်ရှားတဲ့ အမှားတွေကိုလည်း မကြာခဏပြုလုပ်ထားခဲ့တာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ယခုအခါမှာ အိုနာနာအနေနဲ့ ဒဏ်ရာပြဿနာကြုံတွေ့ထားရတာကြောင့် ယူနိုက်တက်ဟာ ဂိုးသမားသစ်ရှာဖွေမှုတွေပြုလုပ်နေပေမယ့် ကင်မရွန်းသားဟာ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နေပြီး အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။
ယခုနွေရာသီအတွင်း ယူနိုက်တက်အနေနဲ့ ဂိုးသမားသစ်ထပ်မံခေါ်ယူမှာလားဆိုတဲ့မေးခွန်းကို အာမိုရင်က "ကျွန်တော်တို့က အသင်းတိုးတက်စေဖို့ အမြဲတမ်းအလုပ်ကြိုးစားနေပါတယ်။ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်တဲ့ကစားသမားတွေရှိနေပါတယ်။ ဒါပေမယ့် အဲဒါက ဈေးကွက်အခြေအနေပေါ်မှာလည်း မူတည်နေပါသေးတယ်။ အသင်းရဲ့အရောင်းစာရင်းနဲ့လည်း သက်ဆိုင်နေပါတယ်"
"ကျွန်တော်တို့စောင့်ကြည့်ဖို့လိုအပ်ပါသေးတယ်။လောလောဆယ်အသင်းရဲ့လူစာရင်းကို ကျွန်တော်ကျေနပ်ပါတယ်။ ဂိုးသမားအကြောင်းပြောမယ်ဆိုရင်တော့ အသင်းမှာ အိုနာနာအပြင်၊ တွန်မ်ဟီတန်နဲ့ အယ်လ်တေးဘယင်ဒါတို့လည်း ရှိနေပါသေးတယ်။ အိုနာနာအနေနဲ့လည်း အသင်းရဲ့အခြားကစားသမားတွေလိုပဲ ရာသီသစ်မှာ ပိုကောင်းလာမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဂိုးသမားသစ်ရှာဖွေနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ယူနိုက်တက်ဟာ တိုက်စစ်မှူးနေရာအတွက်လည်း လိုက်ပ်ဇစ်ကြယ်ပွင့် ဘင်ဂျမင်ဆက်ဆခိုကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အသင်းမှရောင်းချမယ့် ကစားသမားစာရင်းမှာတော့ ဂျေဒန်ဆန်ချို၊ အန်တိုနီ၊ အလီဂျန်ဒရိုဂါနာချိုနဲ့ တိုင်ရဲလ်မာလာစီယာတို့ ကျန်ရှိနေသေးပြီး ယူနိုက်တက်အနေနဲ့ ဆက်ဆခိုကိုခေါ်ယူလိုပါက အဆိုပါကစားသမားတွေကို အရင်ဆုံးရောင်းချနိုင်ဖို့ လိုအပ်နေပါသေးတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အမေရိကန်မြေ နောက်ဆုံး ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ဖီအိုရင်တီးနားနဲ့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ခြေစမ်းသွားရပါမယ်။