ဝုဗ်ကိုရှုံးနိမ့်ပြီးနောက် ကွင်းလယ်ဒိုင်ရဲ့ပေါ့လျော့မှုကို စိတ်ပျက်မိကြောင်း ပြောကြားလာတဲ့ အာမိုရင်
ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ကွင်းလယ်ဒိုင်ရဲ့ပေါ့လျော့မှုတွေကို စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်တုန်းကလိုပဲ ထောင့်ကန်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး အာမိုရင်က ဝုဗ်ကစားသမားတွေဟာ ဂိုးသမား အန်ဒရေအိုနာနာကို လှုပ်လို့မရအောင် ထိန်းချုပ်ထားခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဒုတိယပိုင်းအစမှာပဲ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်း တစ်ပိုင်းလုံးကို ၁ ယောက်လျော့အနေအထားနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ ယခု အနီကတ်ပြစ်ဒဏ်ကြောင့် ပေါ်တူဂီလက်ရွေးစင်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အနီကတ် ၃ ကတ်အထိ ပြသခံထားရပြီဖြစ်ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က “တော့တင်ဟမ်နဲ့ပွဲစဉ်တုန်းကလိုပါပဲ။ ဒီနေ့ပွဲမှာလည်း ကျွန်တော်တို့ဂိုးသမားက ထောင့်ကန်ဘောကလာတဲ့ ဘောလုံးကို ကာကွယ်ဖို့အခွင့်အရေးမရခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ ဝုဗ်ကစားသမားတွေအနေနဲ့ အိုနာနာကို ပြစ်ဒဏ်ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထင်သလားဆိုတဲ့မေးခွန်းကို ပေါ်တူဂီသားက “ကျွန်တော်ထင်တာကတော့ ဂိုးသမားက ဘောလုံးဆီကို သွားလို့မရပါဘူး။ သူက ဘောလုံးကိုဖမ်းယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ဝုဗ်ကစားသမားတွေကတော့ ဘောလုံးကိုတောင်အာရုံမစိုက်ဘဲ သူ့ကိုပဲ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောချင်တာမရှိတော့ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ ဝုဗ်ရဲ့ဂိုးပေါက်နားမှာပဲ တစ်ချိန်လုံး ကစားနိုင်ခဲ့ပါတယ်။ ကစားသမား ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် တိုက်စစ်ဆင်နိုင်ခဲ့လို့ ဒါက ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ရှုံးခဲ့ပါတယ်”
“ကျွန်တော်တို့ တစ်ပွဲရှုံးတာနဲ့ နောက်မှာ ခြေတစ်လှမ်းကျန်ခဲ့တာပါပဲ။ လူတစ်ယောက်ထုတ်ခံလိုက်ရတာ အရမ်းခက်ခဲပါတယ်။ ပြီးတော့ ပေးလိုက်ရတဲ့ဂိုးကလည်း တော့တင်ဟမ်နဲ့ပွဲစဉ်တုန်းကလို တစ်ပုံစံတည်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ချေပဂိုးရဖို့နီးစပ်ခဲ့ပေမယ့် ဝုဗ်က ဒုတိယဂိုးထပ်သွင်းလိုက်ချိန်မှာတော့ မဖြစ်နိုင်တော့ပါဘူး။ ပုံမှန်အတိုင်း ဆက်သွားဖို့ပဲကြိုးစားသွားရပါတော့မယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖာနန်ဒက်စ်ရဲ့အနီကတ်ပြစ်ဒဏ်က အသင်းအတွက် ပိုမိုခက်ခဲစေကြောင်းကို အာမိုရင်က “ဒီလိဂ်မှာ ၁၁ ယောက်နဲ့ကစားရင်တောင် အနိုင်ရဖို့မလွယ်ပါဘူး။ ၁၀ ယောက်တည်းနဲ့ဆိုရင်တော့ ပိုခက်တာပေါ့။ ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရလိုစိတ်နည်းခဲ့တယ်လို့ထင်ပါတယ်။ လူတစ်ယောက်အထုတ်ခံလိုက်ရတာ အတော်လေးခက်ခဲစေခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ဘာကြောင့် ၄ ပွဲဆက် လူစာရင်းမှ ထုတ်ပယ်ထားတာလဲဆိုတော့ မေးခွန်းကို ပေါ်တူဂီသားက “ကျွန်တော်အရင်ကပြောခဲ့တဲ့အတိုင်းပါပဲ။ အသင်းက ရှုံးရှုံး၊ နိုင်နိုင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားတွေနဲ့ပဲ ကစားရပါမယ်။ ရှုံးသွားရင်တော့ ပိုမိုသန်မာလာဖို့လိုအပ်တာပေါ့။ ကျွန်တော်ကတော့ အဆုံးအထိ ကျွန်တော့်ရဲ့ကိုယ်ပိုင်စိတ်ကူးတွေနဲ့ပဲ ရှေ့ဆက်သွားမှာပါ” လို့ဖြေကြားခဲ့ပါတယ်။