The network connection is lost.

Banner Image

အင်္ဂလန်ခံစစ်ကက မက်ဂွါရီရဲ့အတွေ့အကြုံတွေကို လိုအပ်တယ်လို့ ဆိုလာတဲ့ရွန်းနီ

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက လက်ရှိအင်္ဂလန်အသင်းအနေနဲ့ နောက်ခံလူ ဟယ်ရီမက်ဂွါရီကို ရွေးချယ်ခြင်းမပြုလုပ်ခဲ့တာက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အိုက်စလန်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှ အသင်းရဲ့နောက်တန်းအများတွေကို ထောက်ပြလာခဲ့ပါတယ်။

နိုင်ငံအသင်းအတွက် ၆၃ ပွဲအထိပါဝင်ကစားထားတဲ့ မက်ဂွါရီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပါဝင်ကစားသွားမယ့် အင်္ဂလန်အသင်းရဲ့ ပဏာမလူစာရင်းမှာ ပါဝင်ခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းမှာတော့ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ယနေ့‌နံနက်က အိုက်စလန်ကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်ဂန္ထဝင် ရွန်းနီက မက်ဂွါရီမပါဝင်တဲ့ အင်္ဂလန်နောက်တန်းဟာ ကောင်းမွန်စွာအချိတ်အဆက်မမိကြောင်းနဲ့ မက်ဂွါရီသာဆိုရင် ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိူးကို ပြသနိုင်တယ်လို့ ‌ထောက်ပြလာခဲ့ပါတယ်။

ရွန်းနီက "ဒီနေ့ပွဲမှာ နောက်တန်းက မကြာခဏဆိုသလို အချိတ်အဆက်ပျောက်ဆုံးခဲ့ပါတယ်။ ဒါက အတွေ့အကြုံနည်းပါးမှုကြောင့်လည်း ပါပါလိမ့်မယ်။ ဂါရတ်ဆောက်ဂိတ်နဲ့ နည်းပြအဖွဲ့ဝင်တွေအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကြောင့် ဂုဏ်ယူရပေမယ့် နောက်တန်းပိုင်းမှာလည်း ဒီထက်ပို‌ပြင်းထန်တဲ့ပြိုင်ဆိုင်မှုမျိုးလိုအပ်ပါတယ်။ ဒီညစွမ်းဆောင်ရည်က အင်္ဂလန်အနေနဲ့ ဟယ်ရီမက်ဂွါရီကိုလိုအပ်ကြောင်း ပြသလိုက်သလိုဖြစ်နေပြီး ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ" လို့ပြောကြားခဲ့ပါတယ်။

မက်ဂွါရီဟာ ယူနိုက်တက်မှာ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်ခံခဲ့ရပေမယ့် ဂါရတ်ဆောက်ဂိတ်ကတော့ နောက်ခံလူကို သစ္စာရှိရှိ အင်္ဂလန်အသင်းမှာရွေးချယ်နေဆဲဖြစ်ပြီး ယခုအခါမှာတော့ ခြေသလုံးဒဏ်ရာကြောင့် ထုတ်ပယ်ခဲ့ရတာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ မက်ဂွါရီနဲ့ တွဲဖက်နေကျဖြစ်တဲ့ ဂျွန်စတုန်းဟာ နောက်တန်းမှာ ဂူဟီနဲ့အတူ ပွဲထွက်လာခဲ့ပေမယ့် ပထမပိုင်းမှာပဲဂိုး‌ပေးခဲ့ရပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီးကြယ်ပွင့်ဟာ အက်ဇရီကွန်ဇာနဲ့ လူစားလဲခံခဲ့ရပါတယ်။

ဆက်လက်ပြီး ရွန်းနီက "အင်္ဂလန်က ဘောလုံးကို လျင်လျင်မြန်မြန်မပေးဘဲ နှေးနှေးကွေးကွေးကစားခဲ့တော့ ဂေါ်ဒွန်တို့လိုတိုက်စစ်မှူးတွေက ဘောလုံးအပြည့်အဝမရခဲ့ပါဘူး။ သူတို့က ဘောလုံးမရရင် တစ်ဦးချင်းကျော်ဖြတ်မှုပြုလုပ်ဖို့ ခက်ခဲပါတယ်။ ဒီညမှာ ရလဒ်ကအဓိကမဟုတ်ပါဘူး။ အတွေ့အကြုံရဖို့သာအဓိကဖြစ်ပြီး ကစားသမားတွေအနေနဲ့ ဒီအတွေ့အကြုံတွေကနေ သင်ယူသွားနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။

အိုက်စလန်ကိုရှုံးနိမ်ခဲ့ပေမယ့် အင်္ဂလန်အနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အခွင့်အရေးရှိနေကြောင်းကို ယူနိုက်တက်တိုက်စစ်မှူးဟောင်းက "လက်ရှိအင်္ဂလန်အသင်းလူစာရင်းက စိတ်လှုပ်ရှားစရာပါ။ ကျွန်တော်စိတ်ပူတာကတော့ နောက်တန်းပဲရှိပါတယ်။ အခုရှိနေတဲ့ ကစားသမားတွေကို လူမှန်နေရာမှန်အသုံးချသွားနိုင်မယ်ဆိုရင်တော့ သူတို့ဆုဖလားဆွတ်ခူးဖို့အခွင့်အရေးရှိပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။