The network connection is lost.

Banner Image

ပယ်နယ်တီ လွဲချော်မှုကို ပြန်လည်ပေးဆပ်နိုင်ခဲ့လို့ စိတ်ကျေနပ်ခဲ့ရတဲ့ စီရော်နယ်ဒို

ယူရို-၂၀၂၄ ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ရေးအတွက် ဆလိုဗေးနီးယားကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပယ်နယ်တီ အခွင့်အရေးကောင်းတစ်ကြိမ် လွဲချော်ခဲ့တဲ့ စီရော်နယ်ဒိုက နောက်ထပ် အရေးကြီးပယ်နယ်တီကိုတော့ သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ စိတ်ကျေနပ်နေခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်ရဲ့အချိန်ပိုမိနစ်တွေအတွင်း ရရှိလာတဲ့ ပယ်နယ်တီအခွင့်အရေးကို အသက်-၃၉ နှစ်အရွယ် စီရော်နယ်ဒို ကန်သွင်းရာ ဆလိုဗေးနီးယားဂိုးသမား အိုဘလက်ခ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အယ်လ်နာဆာကြယ်ပွင့်ရဲ့မျက်နှာမှာ စိတ်ပျက်မှုတွေနဲ့အတူ မျက်ရည်တွေကျဆင်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။

သာမန်ပွဲကစားချိန်အပြင် အချိန်ပိုမိနစ်တွေပြီးဆုံးချိန်အထိ အနိုင်အရှုံးရလဒ် အဖြေမထွက်ပေါ်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာ ပေါ်တူဂီအသင်းအတွက် ဗွေဆော်ဦးပယ်နယ်တီကို စီရော်နယ်ဒိုက သွင်းဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသမားဒီယိုဂိုကော်စတာရဲ့အံ့ဖွယ်လက်စွမ်းနဲ့အတူ ပေါ်တူဂီအသင်းအတွက် ကွာတားဖိုင်နယ်လက်မှတ် ရရှိခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာ စီရော်နယ်ဒိုက ရိုလာကိုစတာစီးရသလို ခံစားခဲ့ရတယ်လို့ ဝန်ခံလိုက်ပါတယ်။

သူက “အစကနဦးမှာ ကျွန်တော် ဝမ်းနည်းခဲ့ရပေမယ့် အခုအချိန်မှာတော့ အရမ်းပျော်ရွှင်နေပါပြီ။ ဒါက ဘောလုံးပဲဖြစ်ပါတယ်။ ဒီအရာတွေကို ဘောလုံးကပဲ ပေးစွမ်းနိုင်ပါတယ်။ ဒါကို ရှင်းပြပေးလို့ မရပါဘူး။ ပွဲချိန်တလျှောက်လုံး ကျွန်တော်တို့အသင်း အခွင့်အရေးကောင်းတွေ အများကြီးရရှိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခွင့်အရေးကောင်းကို အသုံးမချနိုင်ခဲ့ပါဘူး။ အိုဘလက်ခ် ကာကွယ်သွားပါတယ်။ ကျွန်တော့်ရဲ့ကန်သွင်းပုံ မှန်သလား၊ မှားသလားဆိုတာ ကိုယ်တိုင်လည်း မသိရသေးပါဘူး။ ဒါကို ပြန်ကြည့်သွားဖို့ လိုအပ်ပါတယ်။ ဝမ်းနည်းမိသလို အရမ်းလည်းပျော်ရွှင်ရပါတယ်။ ရှေ့ဆက်သွားနိုင်ဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အလုပ်တစ်ခုကို အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ခါးသီးတဲ့အဆုံးသတ်တစ်ခုအပြီးမှာ အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုမိုရရှိခဲ့လို့ ဒီနိုင်ပွဲနဲ့ ထိုက်တန်မှုရှိပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ စီရော်နယ်ဒိုနဲ့ သူ့ရဲ့အသင်းဖော်တွေက နောက်ဆုံးစကာတင်ရှစ်သင်းအဆင့် ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ လာမယ့်သောကြာနေ့၊ ဟမ်းဘတ်မြို့မှာ ရင်ဆိုင်ကစားသွားရပါလိမ့်မယ်။  ယူရို-၂၀၂၄ ကွာတားဖိုင်နယ်အဆင့်တက်ရောက်နိုင်ဖို့အတွက် ပြင်သစ်အသင်းကလည်း ဗာတွန်ဂန်ရဲ့ O.G ဂိုးနဲ့အတူ ဘယ်လ်ဂျီယံကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။