မက်ဆီနဲ့ ခိုင်းနှိုင်းလှောင်ပြောင်မှုကို ရိုင်းပျစွာ တုံ့ပြန်မိလို့ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မယ့် စီရော်နယ်ဒို
အယ်လ်ရှာဘတ်အသင်းနဲ့ရင်ဆိုင်ရတဲ့ အယ်လ်နာဆာအသင်းရဲ့ပွဲစဉ်အတွင်း မက်ဆီနဲ့ ခိုင်းနှိုင်းလှောင်ပြောင်မှုတွေကို ရိုင်းရိုင်းပျပျတုံ့ပြန်မိခြင်းရဲ့ ရလဒ်အဖြစ် စီရော်နယ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေတို့ကို ချမှတ်ခံခဲ့ရပါတယ်။
ဆော်ဒီပရိုလိဂ်ပြိုင်ဘက်ကိုစိတ်လှုပ်ရှားဖွယ် ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် ဘော်လွန်းဒီအော်ငါးဆုရှင်က ပွဲကြည့်စင်ဘက်လှည့်ပြီး အခုလိုမျိုးရိုင်းပျစွာ တုံ့ပြန်ခဲ့တာပါ။ ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်တွေရဲ့သူ့အပေါ် ဝေဖန်မှုတွေကို ညစ်ညမ်းစွာတုံ့ပြန်ဖို့ ရည်ရွယ်ခဲ့တဲ့ စီရော်နယ်ဒိုကို ရုပ်သံကင်မရာပြကွက်တွေမှာ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်။
စီရော်နယ်ဒိုရဲ့လုပ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုစတင်ခဲ့ပြီး ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း သူတို့ရရှိနိုင်သမျှ သက်သေတွေအားလုံးကို အလျှင်အမြန်အကဲဖြတ်သွားရန် လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်ကို တစ်ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ဆော်ဒီရီရယ်စ်ငွေ ၃၀,၀၀၀ (ပေါင် ၆,၃၀၀) ငွေဒဏ်ကျခံဖို့ ဆုံးဖြတ်ကြောင်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာပါတယ်။
ဆက်လက်ပြီး စီရော်နယ်ဒိုကျခံရမယ့် ဆော်ဒီရီရယ်စ်ငွေ ၃၀,၀၀၀ အနက် ၁၀,၀၀၀ ကို ဆော်ဒီဘောလုံးအဖွဲ့ချုပ်က သိမ်းဆည်းပြီး ကျန် ၂၀,၀၀၀ ကို စုံစမ်းစစ်ဆေးရေးမှာ ပါဝင်ကူညီပေးတဲ့ အယ်လ်ရှာဘတ်အသင်းဆီ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခွင့် မရှိလို့ စီရော်နယ်ဒိုအနေဖြင့် ဒီနေ့ညပိုင်းမှာ ယှဉ်ပြိုင်ကစားရမယ့် အယ်လ်ဟာဇမ်နဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရပါမယ်။
စီရော်နယ်ဒိုက အခုရာသီ၊ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲကစား၊ ၃၄ ဂိုးအထိ သွင်းယူရင်း ဆော်ဒီပရိုလိဂ်ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ရှေ့ဆုံးမှဦးဆောင်နေပါတယ်။