The network connection is lost.

Banner Image

ဒတ်ချ်တွေရဲ့ စိတ်ဓါတ်ပိုင်းကို ထုတ်ဖော်ပြသနိုင်ခဲ့တယ်လို့ ရှင်းပြလာတဲ့ ရော်နယ်ကိုးမန်း

ဒီနေ့မနက်ပိုင်း၊ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်အဖြစ် တူရကီကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်အတွင်း နယ်သာလန်အသင်းပြသခဲ့တဲ့ သတ္တိနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုက ဂုဏ်ယူစရာပါပဲလို့ နည်းပြရော်နယ်ကိုးမန်းက ဆိုပါတယ်။

မကြာခဏဆိုသလို စကားကို ထိန်းပြောနေရတဲ့ ရော်နယ်ကိုးမန်းက အသင်းရဲ့ကြိုးစားအားထုတ်မှုအပေါ် ဝေဖန်သံတွေ တိတ်ဆိတ်သွားစေဖို့ လိုအပ်တဲ့စွမ်းဆောင်ရည်ပိုင်းကို ကစားသမားတွေကိုယ်တိုင် ထုတ်ဖော်ပြသနိုင်ခဲ့တယ်လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကိုးမန်းက “ ဒီပွဲစဉ်မှာ ကျွန်တော်တို့တွေ အခက်အခဲတွေနဲ့ကြုံတွေ့ဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလိုပြိုင်ပွဲကြီးမှာ လွယ်ကူတဲ့ပြိုင်ဘက်ဆိုတာ မရှိပါဘူး။ အခုပွဲစဉ်မှာ ကစားသမားတွေကိုယ်တိုင် အရာအားလုံးကို စွန့်လွှတ်စွန့်စားကစားသွားပါတယ်။ ဒါကြောင့် အခုပွဲစဉ်က အရမ်းစိတ်လှုပ်ရှားစရာကောင်းသလို ကစားသမားတွေကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းကို ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။

တခါတရံမှာ အခြားနိုင်ငံတွေနဲ့ယှဉ်ပြီး ကျွန်တော်တို့မှာ အခုလိုစိတ်ဓါတ်မျိုး မရှိဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒီပွဲစဉ်မှာတော့ ကစားသမားတွေက ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းကို ထုတ်ဖော်ပြသခဲ့ပြီး အရမ်းကောင်းတဲ့ ဒုတိယပိုင်းပွဲချိန်မိနစ်တွေကို ဖန်တီးပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ နယ်သာလန်အသင်းက နောက်ဆုံးနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ယူရိုဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဂျာမန်မြေမှာကျင်းပခဲ့ဖူးတဲ့ နောက်ဆုံးအကြိမ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာ နယ်သာလန်အသင်းအတွက် အမှတ်တရများစွာ ရှိနေခဲ့ပါတယ်။ ၁၉၈၈ ယူရိုဗိုလ်လုပွဲအနိုင်ရရှိမှုက နယ်သာလန်အသင်းအတွက် အဓိကမေဂျာပြိုင်ပွဲကြီးတွေမှာ ရယူခဲ့ဖူးတဲ့ တစ်ခုတည်းသော ဆုဖလားအောင်မြင်မှု ဖြစ်လာပါတယ်။

ရုဒ်ဂူးလစ်၊ မာကိုဗန်ဘက်စတန်တို့လို တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ၁၉၈၈ ယူရိုချန်ပီယံအသင်းမှာ နောက်ခံလူတစ်ဦးအဖြစ် ပါဝင်ခဲ့ရတဲ့ ရော်နယ်ကိုးမန်းက သူ့အသင်းရဲ့အဓိကအင်အားဟာ အသင်းလူစာရင်းပိုင်းဖြစ်တယ်လို့ ဆိုလာပါတယ်။

ကိုးမန်းက “တစ်နိုင်ငံလုံးအတွက် ထူးရှယ်အခိုက်အတန့်ဖြစ်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။

ကျွန်တော်တို့က နိုင်ငံငယ်လေးတစ်ခုပါ။ အခု ကျွန်တော်တို့က အင်္ဂလန်၊ ပြင်သစ်၊ စပိန်တို့ပါဝင်တဲ့ ဆီမီးဖိုင်နယ်အဆင့်ရဲ့ တစိတ်တပိုင်းဖြစ်နေပါပြီ။ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ၊ ဗိုလ်လုပွဲတက်ရောက်ခွင့်လက်မှတ်အတွက် ယှဉ်ပြိုင်ကစားခွင့်ရရှိလာမှုက အရမ်းဂုဏ်ယူဖို့ ကောင်းပါတယ်။

အင်္ဂလန်အသင်းမှာ ကစားသမားကောင်းတွေ ရှိသလို ကျွန်တော်တို့မှာလည်း အလားတူပါပဲ။ အလှပဆုံးကွင်းတွေအနက် တစ်ခုဖြစ်တဲ့ ဒေါ့မွန်ကွင်းမှာ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒီကွင်းက နယ်သာလန်နိုင်ငံနဲ့ နီးပါတယ်။ ဒါက ခြားနားမှုတစ်ခု ဖြစ်လာစေနိုင်ပါတယ်”လို့  ဆက်ပြောပါတယ်။