
ရီးရဲလ်ရဲ့ပင်နယ်တီနဲ့ပတ်သက်ပြီး ဝေဖန်လိုက်တဲ့ မာဆေးလ်နည်းပြ ဒီဇာဘီ
မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက ရီးရဲလ်အသင်းရဲ့ပင်နယ်တီနဲ့ပတ်သက်ပြီး ရှက်စရာလို့ ကွင်းလယ်ဒိုင်တွေကို ဝေဖန်လိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ကာဗာဂျယ်တစ်ယောက် တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပေမယ့် ဘာပေရဲ့ ၂ ဂိုးနဲ့အတူ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပွဲစဉ်က တီမိုဝီယာ ၊ ဘာပေတို့ရဲ့ဂိုးတွေနဲ့ ၁-၁ သရေကျနေချိန် ဒုတိယပိုင်းမှာ အလှည့်အပြောင်းဖြစ်ခဲ့ကာ မာဆေးလ်ဂိုးသမား ရူလီ နဲ့ ကာဗာဂျယ်တို့ကြား အချင်းများမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် VAR ပြန်ကြည့်ပြီးချိန်မှာ ကွင်းလယ်ဒိုင်က ကာဗာဂျယ်ကို တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။အချက်အလက်တွေအသာစီးရခဲ့ပေမယ့် မာဆေးလ်အသင်းဟာ အသုံးမချနိုင်ခဲ့ပဲ မက်ဒရစ်အသင်းရဲ့တိုက်စစ်ဆင်ချိန်မှာ နောက်ခံလူ မီဒီနာတစ်ယောက် ပင်နယ်တီဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပြီး ဘာပေက ဂိုးအဖြစ်ရယူနိုင်ခဲ့ပါတယ်။
ဒီဇာဘီက အဆိုပါပင်နယ်တီပေးခဲ့တဲ့အပေါ် ဒေါသထွက်ခဲ့သလို ဒိုင်တွေကို ဝေဖန်ခဲ့ပါတယ်။ "“အဲ့တာက ရှက်စဖွယ်ပင်နယ်တီပါ။ အဲ့တာကမဖြစ်သင့်သလို ကျွန်တော်တို့အတွက်ဆိုရင်လည်း ဒီလိုပဲပြောမှာပါ။ ကျွန်တော့်အတွက် အဲ့တာက ပင်နယ်တီမဟုတ်ပါဘူး။ ဘယ်တုန်းကမှပါ။ ဘာနေဗျူးမှာတင်မဟုတ်သလို ကျွန်တော်တို့ကွင်းမှာကော ဘယ်နေရာမှာမှပင်နယ်တီမဟုတ်ပါဘူး။
အခုလိုမျိုးကြားဝင်တာတွေ ကျွန်တော်မလိုချင်ပါဘူး။ ကျွန်တော်ပြောချင်တာက အဲ့တာက ပင်နယ်တီမဟုတ်ပါဘူး။ ကာဗာဂျယ်ဖြစ်ရပ်က ဦးခေါင်းချင်းတိုက်တာပါ။ ကျွန်တော်သာဆိုရင် အနီကတ်ပြသမှာမဟုတ်ပါဘူး။ အဲ့တာက မပြင်းထန်ပေမယ့် စည်းမျည်းကြောင့်ပါ။ ရီးရဲလ်အတွက်ကော ကျွန်တော်တို့အတွက်ကော အားလုံးအကျုံးဝင်ပါတယ်”လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။
အာနိုးလ် နဲ့ ကာဗာဂျယ်ကို လက်လွှတ်ခဲ့ရပေမယ့် ဘာပေရဲ့ဂိုးတွေကြောင့် ရီးရဲလ်အသင်းက အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ကာဗာဂျယ်တစ်ယောက် လာမယ့်ပွဲကို လွဲချော်တော့မှာဖြစ်တာကြောင့် အလွန်ဆိုအတွက် ခေါင်းခဲစရာဖြစ်လာခဲ့ပြီး အာနိုးလ်ကြံ့ခိုင်မှုမပြည့်ခဲ့ရင် ဗယ်လ်ဗာဒီကို ညာနောက်ခံလူအဖြစ် ထားကစားရဖို့များနေပါတယ်။ မာဆေးလ်အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး လာမယ့်အေဂျက်နဲ့ပွဲမှာ ပြန်လည်တုံ့ပြန်ရဖွယ်ရှိနေပါတယ်။