The network connection is lost.

Banner Image

ပိုလန်အတွက်ပါဝင်ကစားရင်း ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ လီဝန်ဒေါစကီး

ပိုလန်လက်ရွေးစင်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ လစ်သူရေးနီးယားကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် စောစောစီးစီးပဲ လူစားလဲခံခဲ့ရတယ်လို့ သိရပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ လီဝန်ဒေါစကီးဟာ ပိုလန်အတွက် ဦးဆောင်ဂိုးကို စောစောစီးစီးပဲသွင်းယူပေးခဲ့ပေမယ့် ဂိုးသွင်းပြီးမကြာမီမှာပဲ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အရန်ခုံတန်းဘက်သို့ လူစားလဲဖို့လိုအပ်ကြောင်း သူကိုယ်တိုင်အသိပေးခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ကစားသမားရဲ့ ဒဏ်ရာကြောင့် ဘာစီလိုနာအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။ 

လစ်သူရေးနီးယားကို ပိုလန်မြေ ဝါးဆောမြို့မှာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး လီဝန်ဒေါစကီးအနေနဲ့ လက်ရွေးစင်အသင်းအတွက် ၈၅ ဂိုးမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂိုးသွင်းကာ အောင်ပွဲခံပြီး မကြာမီမှာပဲ ဘာစီလိုနာတိုက်စစ်မှူးဟာ လူစားလဲဖို့အတွက် အချက်ပြခဲ့တာဖြစ်ပါတယ်။  ပွဲအပြီးမှာတော့ လီဝန်ဒေါစကီးက သူ့ရဲ့ဒဏ်ရာဟာ ပြင်းထန်မှုမရှိကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူးက “ကျွန်တော် ဒီဒဏ်ရာဖြစ်နေတာ ၃ ပွဲလောက်ရှိပါပြီ။ ဒီနေ့မှာတော့ ပိုကောင်းလာသလို ခံစားရပါတယ်။ ဒါပေမယ့် ပွဲထဲကနေထွက်ပြီး အနားယူလိုက်ရင် ပိုဆိုးတာတွေမဖြစ်တော့ဘူးပေါ့။ အဆင်ပြေသွားမယ်ထင်ပါတယ်။ ပြဿနာကြီးမဟုတ်ဖို့မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ပိုလန်နည်းပြ ပရိုဘီယာ့ဇ်ကလည်း “လီဝန်ဒေါစကီးမှာ ဒဏ်ရာပြဿနာအသေးစားရှိခဲ့ပါတယ်။ ဒါပေမယ့် မပြင်းထန်ပါဘူး။ လာမယ့်ပွဲမှာ ပါဝင်ကစားနိုင်မယ်ထင်ပါတယ်။ ပြီးတော့ အဲဒီဒဏ်ရာက အသစ်လည်းမဟုတ်ပါဘူး။ သူ့အနေနဲ့ ကြံ့ခိုင်မှုပြန်လည်ရရှိဖို့ ကျွန်တော်တို့လုပ်နိုင်တာတွေအားလုံးကို လုပ်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။  လာမယ့်မော်လ်တာနဲ့ပွဲစဉ်မှာ လီဝန်ဒေါစကီးအနေနဲ့ ပိုလန်အတွက် ပြန်လည်ပါဝင်ကစားသွားပေးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့မှာတော့ ဘာစီလိုနာဟာ အိုဆာဆူနာနဲ့ယှဉ်ပြိုင်သွားရပါမယ်။