
အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးအချိန်ဇယားကို အပြောင်းအလဲပြုလုပ်ထားတဲ့ တူချယ်လ်
အင်္ဂလန်လက်ရွေးစင်နည်းပြသစ် သောမတ်စ်တူချယ်လ်ဟာ နည်းပြဟောင်း ဂါရတ်ဆောက်ဂိတ်ချမှတ်ထားခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးအချိန်စာရင်းကို အပြောင်းအလဲ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မကြာသေးမီက အင်္ဂလန်နည်းပြဖြစ်လာခဲ့တဲ့ တူချယ်လ်ဟာ ပထမဆုံးအချိန် အသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဂျာမန်သားဟာ ပထမဆုံးအကြိမ် လေ့ကျင့်ရေးအစီအစဉ်မှာပဲ ကြီးမားတဲ့ပြောင်းလဲမှုတွေပြုလုပ်ထားခဲ့ပြီး ယခုအခါမှာသတင်းတွေအရ ဆောက်ဂိတ်ရဲ့ လေ့ကျင့်ရေးအချိန်ဇယားကို အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်ကစားသမားတွေဟာ လေ့ကျင့်ရေးအစီအစဉ်ကို မနက်ပိုင်းမှာပြုလုပ်ခဲ့ကြတာဖြစ်ပြီး ယခုအခါမှာတော့ တူချယ်လ်ရဲ့လမ်းညွှန်မှုနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်ကို နေ့လယ်ပိုင်းမှာ ပြောင်းလဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ တူချယ်လ်က အခုလိုအချိန်ဇယားပြောင်းလဲမှုဟာ ညနေပိုင်းပွဲစဉ်တွေအတွက် ထိရောက်မှုရှိမှာဖြစ်ကြောင်းနဲ့ ကစားသမားတွေရဲ့ ကြွက်သားတွေအနေနဲ့ ညနေပိုင်းအချိန်မှာကစားရခြင်းနဲ့ အကျွမ်းတဝင်ရှိလာမှာဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။
မနက်ပိုင်းမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးနည်းပြဟောင်းဟာ အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ကစားသမားတစ်ဦးချင်းစီနဲ့လည်း ဆွေးနွေးသွားမယ်လို့သိရပါတယ်။ လာမယ့် မတ်လ ၂၂ ရက်နေ့မှာ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အယ်လ်ဘေးနီးယားကို အိမ်ကွင်းဝင်ဘလေမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် လက်မှတ်တွေကတော့ ကုန်သွားပြီလို့သိရပါတယ်။ မတ်လ ၂၅ ရက်နေ့မှာလည်း တူချယ်လ်ရဲ့အသင်းဟာ ဝင်ဘလေမှာပဲ လတ်ဗီယာနဲ့ ကစားသွားရမှာဖြစ်ပါတယ်။
ဒါကြောင့် ဆောက်ဂိတ်ခေတ်အလွန် တူချယ်လ်လက်ထက်မှာတော့ အင်္ဂလန်အနေနဲ့ ခြေစွမ်းပိုင်း တိုးတက်မှုတွေရှိလာမလားဆိုတာ လာမယ့်စနေနေ့မှာ စတင် စောင့်ကြည့်သွားရပါမယ်။