The network connection is lost.

Banner Image

အသင်းအပြောင်းအရွှေ့ကိစ္စကောလာဟလတွေကို အပြတ်ငြင်းဆန်ခဲ့တဲ့ လူးဝစ်ဒီယက်ဇ်

အယ်လ်နာဆာနဲ့ ဘာစီလိုနာတို့ဆီမှ စိတ်ဝင်စားမှုတွေရှိနေချိန် အခုနွေရာသီ၊ အန်ဖီးလ်မှထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေကို လူးဝစ်ဒီယက်ဇ်က ပယ်ချခဲ့ပါတယ်။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ လီဗာပူးရဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် လူးဝစ်ဒီယက်ဇ်ဆီ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာရဲ့စိတ်ဝင်စားမှုတွေ ရောက်ရှိလာခဲ့ပါတယ်။ 

ရီယက်ဒ်မြို့အခြေစိုက်ကလပ်အသင်းက စီရော်နယ်ဒိုထွက်ခွာတော့မယ့် တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတွေရှာဖွေမယ့်လုပ်ငန်းကို စတင်လာခဲ့ပြီး ဝါရင့်တိုက်စစ်မှူးနေရာမှာ အစားထိုးနိုင်သူအဖြစ် ကိုလံဘီယာကြယ်ပွင့်ကို သတ်မှတ်ထားခဲ့ပါတယ်။

ဒါ့အပြင် ဘဏ္ဍာရေးပြဿနာတွေရှိနေပေမယ့် တိုက်စစ်မှူးသစ်တစ်ဦးရှာဖွေဖို့ စဉ်းစားထားတဲ့ ဘာစီလိုနာနဲ့ ကြိုးကြာနီတိုက်စစ်မှူးတို့အကြား ချိတ်ဆက်မှုတစ်ခုလည်း ရှိလာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့ပြုလုပ်တဲ့ လတ်တလောအင်တာဗျူးအစီအစဉ်တစ်ခုမှာ ဒီယက်ဇ်က မာဆေးဆိုဒ်ကလပ်မှာ ပျော်ရွှင်နေတယ်လို့ ရှင်းပြရင်း အသင်းမှထွက်ခွာမယ်ဆိုတဲ့ကောလာဟလတွေကို အပြတ်ချေမှုန်းပစ်ခဲ့ပါတယ်။

အသက်-၂၈ နှစ်အရွယ်ကစားသမားက “ ကစားသမားဘဝရဲ့အရမ်းကောင်းတဲ့အခိုက်အတန့်ကို ကျော်ဖြတ်နေတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော့်အနားမှာရှိနေတဲ့ အသင်းဖော်ကောင်းတွေနဲ့အတူ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းအစုအဖွဲ့ကြီးရဲ့တစိတ်တပိုင်းဖြစ်နေရလို့ ဒီကလပ်အသင်းမှာရှိနေရတာ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒီအသင်းဆီ စတင်ရောက်ရှိလာချိန်ကတည်းက အရမ်းဂုဏ်ယူနေခဲ့တာပါ။ ဒီအတွက် ကျွန်တော်က အမြဲတမ်းလိုလို အလုပ်ကိုအပြင်းအထန်ကြိုးစားခဲ့ပါတယ်။ အခုအချိန်မှာ မြင်တွေ့နေရတဲ့အရာတွေကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အလွန်ဂုဏ်ယူမိပါတယ်။ 

ကျွန်တော် လုပ်နေရတဲ့အရာတွေကြောင့်ပဲ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒါပေမယ့် အသင်းဖော်တွေမရှိဘဲ အခုလိုအရာတွေ မဖြစ်လာနိုင်ပါဘူး။ကျွန်တော်တို့က အသင်းတစ်ခုပါ။ တိုက်စစ်မှူးနဲ့ တောင်ပံကစားသမားတွေက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေရရှိဖို့ အမြဲကြိုးစားနေရပြီး အခုအချိန်မှာဆိုရင်လည်း ကျွန်တော်မှာ ကောင်းမွန်တဲ့ကိန်းဂဏန်းတွေ ရရှိခဲ့ပြီးပါပြီ။ ဒါက ကစားပုံနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော့်ရဲ့ပုံစံအတိုင်းကစားပြီး အသင်းကို ကူညီပေးနေရလို့ ပျော်ရွှင်မိပါတယ်။ အမြဲတမ်းလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အင်္ဂလန်ချန်ပီယံသစ်တွေက သူတို့အသင်းလူစာရင်းပိုင်းပြန်လည်တည်ဆောက်မယ့် လုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နေပါပြီ။ သူတို့တွေက လေဗာကူဆင်မှ ဖရင်းပေါင်ကို ခေါ်ယူထားနိုင်ပြီး ဂျာမန်ကလပ်ရဲ့ကွင်းလယ်ကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။