
အသင်းရဲ့လူငယ်ကစားသမားဟောင်း ကာရီယက်စ်ကို ဘင်ဖီကာမှပြန်ခေါ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့အကယ်ဒမီမှာ ၃ နှစ်ကြာနေထိုင်ခဲ့ဖူးပြီး နောက်ပိုင်းမှထွက်ခွာသွားခဲ့တဲ့နောက်ခံလူ အယ်လ်ဗာရိုကာရီယက်စ်ကို အသင်းသို့ပြန်လည်ခေါ်ယူလိုက်ပါတယ်။ အသက်-၂၂ နှစ်အရွယ် ဘယ်နောက်ခံလူကာရီယက်စ်အတွက် ရီးရဲလ်မက်ဒရစ်ဟာ ဘင်ဖီကာထံ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ အထိပေးချေခဲ့ရတယ်လို့ စပိန်သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ရီးရဲလ်မက်ဒရစ်ဟာ လောလောဆယ်မှာတော့ နောက်တန်းကစားသမားတွေကိုသာခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
ယခုနွေရာသီအစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ လီဗာပူးမှ အလက်ဇန်းဒါးအာနိုးလ်နဲ့ ဘုန်းမောက်မှု ဒင်းန်ဟွိုင်ဆန်တို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ ကာရီယက်စ်ဟာ ရီးရဲလ်မက်ဒရစ်အကယ်ဒမီမှာ ၃ နှစ်ကြာနေထိုင်ပြီးနောက် ၂၀၂၀ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့သွားခဲ့ပြီး ယူနိုက်တက်ယူ -၂၃ အသင်းမှာ ကစားခဲ့ပါတယ်။
သို့သော်လည်း စပိန်သားဟာ ယူနိုက်တက်စီနီယာအသင်းအတွက်တော့ ရွေးချယ်ခြင်းမခံခဲ့ရတာကြောင့် ပရီးမီးယားလိဂ်မှာ တစ်ကြိမ်မှကစားခွင့်မရခဲ့ပါဘူး။ ထို့နောက်မှာတော့ ကာရီယက်စ်ဟာ ပရက်စ်တန်နဲ့ ဂရန်နာဒါတို့မှာ အငှားနဲ့သွားရောက်ကစားခဲ့ပြီး ၂၀၂၄ ဇန်နဝါရီရောက်မှ ဘင်ဖီကာသို့ အငှားစာချုပ်နဲ့ထပ်မံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘင်ဖီကာသို့ရောက်ရှိပြီး တစ်ပတ်အကြာမှာပဲ စပိန်သားဟာ ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့ပြီး ယခုချိန်အထိ အဓိကကစားသမားအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။
ဘင်ဖီကာဟာ ကာရီယက်စ်ကို ၂၀၂၃-၂၄ ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်ထံမှ အပြီးသတ်ဝယ်ယူခဲ့တာကြောင့် အသင်းမှာ ၁ ရာသီခွဲသာအသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။ လာမယ့်ရာသီမှာတော့ စပိန်သားအနေနဲ့ ရီးရဲလ်မက်ဒရစ်အတွက် တောက်ပတဲ့ခြေစွမ်းတွေထပ်မံပြသသွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။