
စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်မည်ဟု ရီးရဲလ်မက်ဒရစ်အသင်း အတည်ပြု
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြိုင်ဘက်ကြီး ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သပိတ်မှောက်မယ်ဆိုတဲ့ ကောလာဟလတွေကို ပယ်ချကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တာဝန်ပေးခံထားရတဲ့ ဒိုင်လူကြီး ရီကာဒို ဒီ ဘာဂို့စ် ဘင်ဂိုအက်ချီယာကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပွဲမစခင် တစ်ရက်အလိုမှာ ဒိုင်လူကြီးအပြောင်းအလဲတောင်းဆိုမှုကို ပယ်ချခံခဲ့ရပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
သောကြာနေ့က ဒိုင်လူကြီး ရီကာဒို ဒီ ဘာဂို့စ် ဘင်ဂိုအက်ချီယာဟာ သတင်းစာရှင်းလင်းပွဲမှာ စိတ်ခံစားမှုတွေဖြစ်ပေါ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်တီဗီကနေ သူ့ကို ဘာစီလိုနာအသင်းအတွက် ဘက်လိုက်တယ်လို့ ဝေဖန်ခဲ့တာတွေကြောင့် သူ့သားဖြစ်သူ ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပြီးနောက် အငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ဘင်ဂိုအက်ချီယာအနေနဲ့ ပွဲကို တရားမျှတစွာ ဆုံးဖြတ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဗိုလ်လုပွဲအတွက် ဒိုင်လူကြီးအဖွဲ့ကို ပြောင်းလဲပေးဖို့ ချက်ချင်းတောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ ဒီကိစ္စကြောင့် ရီးရဲလ်က သောကြာနေ့မှာ ကျင်းပမယ့် သတင်းစာရှင်းလင်းပွဲနဲ့ လေ့ကျင့်ခန်းတွေကို ဖျက်သိမ်းခဲ့တာကြောင့် အသင်းက စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို သပိတ်မှောက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဒီနေ့ဗိုလ်လုပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဒုတိယကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
"ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ မနက်ဖြန်ကျင်းပမယ့် ဗိုလ်လုပွဲကနေ နုတ်ထွက်ဖို့ ဘယ်တုန်းကမှ စဉ်းစားခဲ့ခြင်းမရှိပါဘူး" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသင်းကတော့ ဒိုင်လူကြီးအဖွဲ့နဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေကို ဆက်လက်ပြောကြားခဲ့ပေမဲ့လည်း ကစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ "ဒီပွဲအတွက် ခန့်အပ်ထားတဲ့ ဒိုင်လူကြီးတွေရဲ့ ကံမကောင်းစွာနဲ့ မသင့်လျော်တဲ့ ပြောဆိုမှုတွေဟာ သန်းပေါင်းများစွာသော ပရိသတ်တွေ ကြည့်ရှုအားပေးကြမယ့် ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲတစ်ခုကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ဆီဗီလာမြို့ကို လာရောက်ကြမယ့် ပရိသတ်တွေနဲ့ အန်ဒါလူစီယံမြို့တော်မှာ ရောက်ရှိနေကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း လေးစားပါတယ်"လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက ဘောလုံးရဲ့တန်ဖိုးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး "ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီဗိုလ်လုပွဲအတွက် ခန့်အပ်ထားတဲ့ ဒိုင်လူကြီးတွေရဲ့ အသင်းအပေါ်မှာ ယနေ့မှာလည်း ထပ်မံပြသခဲ့တဲ့ ရန်လိုမှုတွေ၊ မုန်းတီးမှုတွေရှိနေပေမဲ့ ဘောလုံးရဲ့တန်ဖိုးတွေက အရေးပါပါတယ်လို့ ယုံကြည်ပါတယ်" လို့ ဆိုခဲ့ပါတယ်။