
နောက်ကျဂိုးတွေနဲ့ ဒေါ့မွန်ကို အနိုင်ယူကာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာတဲ့ ရီးရဲလ်မက်ဒရစ်
မနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်ကို ကာဗာဂျယ်၊ ဗင်နီစီးယက်စ်တို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ယူကာ ဆုဖလားကို ဆွတ်ခူးသွားခဲ့ပြန်ပါတယ်။ ဒေါ့မွန်အသင်းဟာ ပထမပိုင်းပွဲချိန်အတွင်း ရီးရဲလ်မက်ဒရစ်ကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပြီး ပွဲအစ၅မိနစ်မှာတင် ထောင့်ကန်ဘောရခဲ့ပေမယ့် ဆာဘစ်ဇာ ကန်တင်ရာမှာ မထိရောက်ခဲ့ပါဘူး။
ပွဲချိန်မှာ ၁၂မိနစ် ဗယ်ဗာဒီ ဧရိယာအစပ်ကနေ ကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ်ကနေ ကျော်တက်သွားပါတယ်။ သိပ်မကြာခင်မှာဘဲ ဘရန့်ဒ် ဒေါ့မွန်အတွက် အားထုတ်ခဲ့ပေမေယ့် ကန်ချက်က ဂိုးပေါက်နဲ့ ကပ်လွဲသွားခဲ့ပါတယ်။
ပွဲချိန်၂၂မိနစ်မှာ ဒေါ့မွန်အတွက် အခွင့်အရေးအဖြစ် အဒီယီမီ ကော်တိုရစ်ကို ကျော်ဖြတ်ဆွဲပြေးပြီး ကန်သွင်းရာမှာ ကာဗာဂျယ် တားဆီးသွားခဲ့ပါတယ်။ စက္ကန့်ပိုင်းအကြာမှာပဲ အီယန်မက်ဆန်ရဲ့ပေးပို့မှုကနေ ဖူလ်ခရက် အပိုင်ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့လို့ ဒေါ့မွန်တို့ နစ်နာခဲ့ရပြန်ပါတယ်။
ပထမပိုင်းမပြီးခင်မှာပဲ ဆာဘစ်ဇာရဲ့ ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် ကော်တိုရစ် လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်အသင်း ကစားပုံပြန်ကောင်းလာပြီး တိုနီခရူးစ်ရဲ့ ဖရီးကစ်ကို ဒေါ့မွန်ဂိုးသမား ကိုဘယ်လ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
မိနစ်၆၀မတိုင်ခင်မှာ ဖူလ်ခရက်ရဲ့ခေါင်းတိုက်ချက် ကောင်းမွန်ခဲ့ပေမယ့် ကော်တိုရစ် ကာကွယ်သွားခဲ့ပြန်ပါတယ်။ ၇၅မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုနီခရူးစ်ရဲ့ထောင့်ကန်ဘောကနေ ကာဗာဂျယ်က ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
၈၃မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘယ်လင်ဟမ်ရဲ့ပေးပို့မှုကို ဗင်နီစီးယက်စ်က အပိုင်ကန်သွင်းကာ ရီးရဲလ်အတွက် ဖလားရစေမယ့်သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၁၅ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။