The network connection is lost.

Banner Image

ယူနိုက်တက်မှာပဲ ဆက်လက်နေထိုင်ဖို့ ဆန္ဒရှိနေတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကက်စ်ရက်ရှ်ဖို့ဟာ အသင်းကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသော်လည်း အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်နေထိုင်‌ဖို့စိတ်အားထက်သန်နေပြီး မန်နေဂျာအဲရစ်တန်ဟက်ကို ဆက်လက်ထားရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ကျေနပ်အားရနေတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီက ရက်ရှ်ဖို့ဒ်အတွက် ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး ကစားသမားဟာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရသလို ကွင်းတွင်းကွင်းပြင်ပြဿနာတွေနဲ့ မကြာခဏကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ယူပြီး ဆုဖလားဆွတ်ခူးနိုင်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းမှာဆက်လက်နေထိုင်ဖို့ စိတ်အားထက်သန်လာတာဖြစ်ပါတယ်။ 

အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြသော်လည်း ယခုအခါမှာတော့ တောင်ပံကစားသမားဟာ တန်ဟက်နဲ့ဆက်လက် လက်တွဲလိုနေတာဖြစ်ပါတယ်။ ဒါကြောင့် မကြာမီမှာကျင်းပတော့မယ့် ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ကစားသမားအနေနဲ့ နောက်ရာသီအတွက် အဆင်သင့်ဖြစ်နေစေဖို့ လေ့ကျင့်မှုတွေပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ 

မကြာသေးမီကတော့ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီက အသင်းကနေထွက်ခွာသွားခဲ့တဲ့ ကီလီယန်အမ်ဘာပေရဲ့နေရာမှာ အသက်-၂၆ နှစ်အရွယ်ကစားသမားနဲ့အစားထိုးဖို့ စောင့်ကြည့်မှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ သို့သော်လည်း ရက်ရှ်ဖို့ဒ်က အိုးလ်ထရက်ဖို့မှာဆက်လက်နေထိုင်လိုနေတာကြောင့် ပီအက်စ်ဂျီအနေနဲ့ အခြားကစားသမားတွေကိုပစ်မှတ်ထားရတော့မှာဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရတာကြောင့် နွေရာသီမှာ အားလပ်ရက်အပြည့်အဝရနေပြီး ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ပြင်ဆင်နေပါတယ်။သို့‌သော်လည်း ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းမှာ ရက်ရှ်ဖို့မပါဝင်ခြင်းက အသင်းအတွက် ထိခိုက်နစ်နာမှုဖြစ်လာနိုင်တယ်လို့ ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက ထောက်ပြပြောဆိုလာခဲ့ပါတယ်။

ဒိန်းမတ်ကို ၁-၁ နဲ့သရေကျပြီးနောက်မှာ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းက "ဒီပွဲကိုကြည့်ရင်း ရက်ရှ်ဖို့ဒ်နဲ့ဂရီးလစ်ရှ်တို့က သတိရမိပါတယ်။ သူတို့က အသင်းမှာခေါ်ယူသင့်တဲ့ ကစားသမားတွေပါ။ ဂါရတ်ရဲ့အသင်းက အတွေ့အကြုံအလုံအလောက်ရှိပါ့မလားလို့ ကျွန်တော်တွေးမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။