The network connection is lost.

Banner Image

လက်စတာကို ရှုံးခဲ့ပေမယ့် နည်းပြ ပိုစတီကိုဂလူအပေါ် သစ္စာဆက်ရှိမယ့် တော့တင်ဟမ်

ဒုတိယပိုင်းအစ ၅ မိနစ်အတွင်း သွင်းဂိုး ၂ ဂိုးကြောင့် တန်းဆင်းဇုန်မှာ ခြိမ်းခြောက်မှုရှိနေတဲ့ လက်စတာက တော့တင်ဟမ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။တော့တင်ဟမ်ဟာ လက်စတာကို ရှုံးခဲ့တာကြောင့် ပရီးမီးယားလိဂ်တွင် ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပိုစတီကိုဂလူအတွက်တော့ ဖိအားတွေရှိခဲ့ရပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့ပွဲကို တော့တင်ဟမ်က စီနီယာကစားသမား ၁၀ ဦးမပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပြီး မက်ဒီဆင်က ဒဏ်ရာကြောင့် မပါဝင်နိုင်သလို ရစ်ချားလီဆန်နှင့် ပီပီမက်တာဆာတို့ကလည်း ကြံ့ခိုင်မှုပြဿနာတွေကြောင့် စောစောစီးစီးလူစားလဲခြင်းခံခဲ့ရပါတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် အခုတော့ နည်းပြအတွက် ဖိအားတွေက တောင်လိုပုံလာခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းဟာ ကာရာဘောင်ဖလားနှင့် အက်ဖ်အေဖလားတို့မှာ ဆက်ရှိနေသေးတာဖြစ်ပါတယ်။

အပြောင်းအရွှေ့မှာလည်း ကစားသမားသစ်များများစားစားခေါ်ယူခြင်း မရှိထားသလို ဒဏ်ရာရ ကစားသမားများနေတာကြောင့် ကလပ်ဟာ ဖိအားအောက်ရောက်နေတဲ့ နည်းပြဘက်ကနေ ရပ်တည်ထားတယ်လို့ football.london က ဖော်ပြထားပါတယ်။ လက်ရှိအပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟာ ဂိုးသမားတစ်ဦးသာခေါ်ယူထားတာဖြစ်ပြီး နောက်ဆုံးရက်မတိုင်မီ နောက်ထပ်ထပ်မံခေါ်ယူဖို့ မျှော်လင့်ရတာလည်းဖြစ်ပါတယ်။

အသင်းရဲ့ပွဲချိန်ဇယားကကျပ်နေပြီး ၄ ရက်မှာ တစ်ပွဲကစားနေရကာ ကြာသပတေးနေ့မှာလည်း ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အဲလ်စ်ဘော့နှင့် ကစားရမှာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်ဟာ ကာရာဘောင်ဖလား ဒုတိယအကျော့အဖြစ် လီဗာပူးနှင့်အန်ဖီးလ်တွင် မကစားမီ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နှင့် ကစားရမှာဖြစ်ပါတယ်။ နည်းပြရာထူးနှင့်ပတ်သက်ပြီး‌ မေးမြန်းတဲ့အခါ ရာသီကုန်တဲ့အထိ အသင်းမှာဆက်ရှိမလားဆိုတဲ့အပေါ် သူလည်း သေချာမသိပါဘူးလို့ ပိုစတီကိုဂလူက ဖြေကြားခဲ့ပါတယ်။

"ဘယ်သူကရောသိမှာလဲ ကျွန်တော်မသိဘူးလို့ပြောတာက မျှတမယ်လို့ထင်ပါတယ်။ ဘောလုံးအသင်းတစ်ခုရဲ့နည်းပြဖြစ်မယ်ဆိုရင် လုံးဝကိုအားနည်းချက်ရှိပြီး သီးခြားဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ အဲ့ဒီလိုမခံစားမိပါဘူး" "အသင်းရှိကစားသမားတွေအားလုံးက လုံးဝကိုပေးဆပ်ပြီး ကစားပေးနေကြတာပါ။ လုံးဝကိုကြိုးစားအားထုတ်ပေးနေတဲ့ နည်းပြအဖွဲ့ကိုလည်း ကျွန်တော်က ပိုင်ဆိုင်ထားတာပါ။ အဲ့ဒီအပေါ်ပဲ ကျွန်‌တော် အာရုံစိုက်ထားပါတယ်"

"ကျွန်တော့်နေရာကတော့ သူတို့တွေကို ထောက်ပံ့ပေးဖို့ပါပဲ။ ကြိုးစားပြီးလုပ်ဖို့အတွက် လာနေကြတဲ့ သူတွေကို လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်မြင်နေရပါတယ်" "ကစားသမားတွေကို ကျွန်တော်ပြောနေသလိုပဲ ဒီရာသီမှာ တကယ်ကိုသက်ရောက်မှုရှိစေမယ့် အခွင့်အရေးတွေရှိနေပါတယ် ကျွန်တော်တို့တွေ လုပ်နိုင်မယ်ဆိုတာ သိပါတယ်"

"သို့သော်လည်း ခင်များရဲ့မေးခွန်းအရတော့ ကျွန်တော်ပြောနိုင်သလားဆိုတော့ ဘာမဆိုပြောင်းလဲသွားနိုင်ပြီး အဲ့ဒီအတွက် မနက်ဖြန်မနက်ကို ကျွန်တော်လိုအပ်ပါတယ်" လို့ နည်းပြက ပြောပါတယ်။