
အယ်လ်ဟီလယ်နည်းပြဟောင်း ဂျီးဆပ်ကို အသင်းရဲ့နည်းပြသစ်အဖြစ်ခန့်အပ်လိုက်တဲ့ အယ်လ်နာဆာ
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာဟာ လွန်ခဲ့တဲ့ ၂ လကမှ ခါးသီးတဲ့ပြိုင်ဘက် အယ်လ်ဟီလယ်နဲ့လမ်းခွဲခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ ဂျော့ဂျ်ဂျီးဆပ်ကို အသင်းရဲ့နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အင်္ဂါနေ့မှာပဲ ကြေညာလာခဲ့ပါတယ်။ ဂျီးဆပ်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအတွင်း အယ်လ်ဟီလယ်နဲ့အတူ ပြည်တွင်းဆုဖလား ၃ လုံးအထိ အောင်မြင်မှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်အာလီကိုအရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရတာကြောင့် အသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဆိုရှယ်မီဒီယာမှတစ်ဆင့် အယ်လ်နာဆာက "မစ္စတာဂျော့ဂျ်ဂျီးဆပ်ကို အယ်လ်နာဆာရဲ့နည်းပြချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပါတယ်" လို့ကြေညာခဲ့ပါတယ်။ ဘရာဇီးကလပ် ဖလာမင်ဂိုနဲ့အတူလည်း ဆုဖလားအောင်မြင်မှုတွေရရှိခဲ့ဖူးတဲ့ ဂျီးဆပ်ကို အယ်လ်နာဆာဟာ ၁ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့တယ်လို့လည်းသိရပါတယ်။
ဆော်ဒီပရိုလိဂ်မှာ ၉ ကြိမ်အထိဗိုလ်စွဲထားနိုင်ခဲ့တဲ့ အယ်လ်နာဆာဟာ အသင်းရဲ့ အသက်-၄၀ အရွယ်စူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာတော့ ပေါ်တူဂီနှစ်ချို့ဝိုင် ၂ ဦးရဲ့ ပေါင်းစည်းမှုကို အယ်လ်နာဆာမှာမြင်တွေ့သွားရမှာဖြစ်ပြီး အသင်းအတွက်အောင်မြင်မှုတွေ ပြန်လည်ဖော်ဆောင်ပေးနိုင်မလား စောင့်ကြည့်သွားရပါမယ်။