ဝေါ်လ်ကာနေရာအတွက် မှန်ကန်တဲ့အဖြေရှာရမယ်လို့ ဂွါဒီယိုလာ အခိုင်အမာဆို
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဝေါ်လ်ကာနေရာအတွက် မှန်ကန်တဲ့အဖြေရှာရမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ စီးတီးအသင်းခေါင်းဆောင်ဟာ အခုဆောင်းဈေးကွက်မှာ အသင်းကနေထွက်ခွာဖို့ ချိတ်ဆက်နေပြီး ဂွါဒီယိုလာက အက်ဖ်အေဖလားပွဲအပြီးမှာ အတည်ပြုခဲ့ပါတယ်။ အေစီမီလန်အသင်းက အင်္ဂလန်သားကို ချိတ်ဆက်နေသလို ဆော်ဒီလိဂ်ကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
တနင်္လာနေ့တုန်းက ဒယ်လိုစပေါ့တ်သတင်းဌာနက စီးတီးဟာ ဝေါ်လ်ကာကို အခုလထဲမှာ အလွတ်နဲ့လက်လွှတ်ဖို့ ပြင်ဆင်ထားပြီး ကစားသမားကိုဂုဏ်ပြုတဲ့အနေနဲ့ ပြောင်းရွှေ့ကြေးတောင်းဆိုမှာမဟုတ်ဘူးလို့ သိရပါတယ်။ အင်တာဗျူးမှာ ဂွါဒီယိုလာက အင်္ဂလန်သားဟာ အသင်းကနေထွက်ခွာဖို့ ထွက်ခွာခွင့်တောင်းဆိုထားတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်က အရမ်းပါးနပ်တဲ့သူပါ။ အရည်အချင်းရှိတဲ့နည်းပြဖြစ်တာကြောင့် မှန်ကန်တဲ့အဖြေတစ်ခုကို ရှာဖွေမှာပါ။ အခုချိန်မှာတော့ ကိုင်လီက ကျွန်တော်တို့ကစားသမားအဖြစ်ရှိနေပါသေးတယ်။ အဲ့တာပါပဲ။ ကျွန်တော်တို့မှာ ရွေးချယ်စရာရှိနေပါတယ်။ ဘာဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။ ကျွန်တော့်မှာလည်း အဖြေမရှိသေးပါဘူး။ အခုလက်ရှိ ဘရန့်ဖို့ဒ်နဲ့ပွဲကို အာရုံစိုက်ရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။