
ဟန်စီဖလစ်ခ်ရှိနေတဲ့ ဘာစီလိုနာက ယာမယ်လ်အတွက် အကောင်းဆုံးနေရာပါလို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက ဘာစီလိုနာအသင်းမှာ လမိုင်းယာမယ်လ် စာချုပ်သက်တမ်းတိုးခဲ့လို့ ပျော်ရွှင်ဝမ်းမြောက်မိပြီး အထူးသဖြင့် ဟန်စီဖလစ်ခ်နဲ့အတူတကွရှိနေမှုသာ လူငယ်ကြယ်ပွင့်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ပြောပါတယ်။ လာလီဂါနဲ့ ကိုပါဒယ်လ်ရေးဆုဖလားတွေကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ ဘောလုံးရာသီတစ်ခုအပြီး ယာမယ်လ်က အသင်းနဲ့အတူ ၂၀၃၁ ခုနှစ်အထိသက်တမ်းရှိမယ့်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပက်ဂွါဒီယိုလာကတော့ ယာမယ်လ်ကို ဘာစီလိုနာအသင်းမှာ ဆက်လက်မြင်တွေ့ရလို့ ပျော်ရွှင်မိပြီး ကစားသမားအတွက် တိုးမြှင့်ပေးအပ်လာတဲ့ လစာငွေကြေးပမာဏနဲ့လည်း ထိုက်တန်မှုအပြည့်ရှိပါတယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ တကယ်လို့ ဒီလောက်များပြားတဲ့လစာငွေပမာဏကို ယာမယ်လ်ရရှိမယ်ဆိုရင်လည်း ဒါက ထိုက်တန်မှုရှိနေလို့ပါပဲ။ သူ့ကို သင့်လျော်မှန်ကန်တဲ့လူပုဂ္ဂိုလ်တွေ ဝန်းရံပေးခဲ့ပါတယ်။ ယာမယ်လ်ကိုယ်တိုင်လည်း တိုးတက်နေပါတယ်။ ကလပ်အသင်းက ဒီလိုပေးထားတယ်ဆိုရင်လည်း ကစားသမားနဲ့ထိုက်တန်လို့ပဲ ဖြစ်ပါတယ်။ ယာမယ်လ်ဆက်ရှိနေလို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။
သူက အရမ်းကောင်းတဲ့ကစားသမားတစ်ဦးပါ။ အင်တာမီလန်နဲ့ပွဲစဉ်မှာဆိုရင်လည်း လူတိုင်းက သူ့ဆီပဲ ဘောလုံးပေးပို့နေတာကို မြင်တွေ့ခဲ့ရပါတယ်။အသက် ၁၇ နှစ်အရွယ်မှာတင် သူလုပ်ပြနေတဲ့အရာတွေက အံ့အားသင့်စရာကောင်းပါတယ်။ ဟန်စီဖလစ်ခ်ပြောသလိုပဲ၊ ဒီလိုမျိုး ယာမယ်လ်ဆက်လုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒါက သူ့အတွက် အကောင်းဆုံးနေရာဆိုတာ ရှင်းပါတယ်။ ကျွန်တော့်လို ဘာကာပရိသတ်တစ်ဦးအတွက်ဆိုရင်တော့ ပျော်ရွှင်စရာပါပဲ။
အလွန်ထက်မြက်တဲ့ဟန်စီဖလစ်ခ်လက်အောက်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကမ္ဘာ့အကောင်းဆုံးနေရာတစ်ခုဆီ ယာမယ်လ်ရောက်ရှိနေပါတယ်။ အရာရာတိုင်းကလည်း ဒီအချက်ကို ထောက်ပြပေးနေပါတယ်။ ယာမယ်လ်သာ ဒဏ်ရာမရရှိဘူးဆိုရင် သူ့ရဲ့အရည်အသွေးတွေကြောင့်ပဲ အရမ်းကောင်းတဲ့အသက်မွေးဝမ်းကြောင်းပညာတစ်ခု ရရှိလာပါလိမ့်မယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ယာမယ်လ်က စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေပြီး နောက်ထပ်နေးရှင်းလိဂ်ချန်ပီယံဆုရယူဖို့ မျှော်လင့်နေပါတယ်။ စပိန်က လာမယ့်ကြာသပတေးနေ့မှာ ပြင်သစ်နဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။