
နီကိုဂွန်ဇာလက်ဇ်ကို ရိုဒရီအသေးစားလေးဖြစ်တယ်လို့ ဂွါဒီယိုလာချီးကျူး
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ယမန်နေ့ညက နယူးကာဆယ်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားခဲ့တဲ့ ကွင်းလယ်ကစားသမားသစ် နီကိုဂွန်ဇာလက်ဇ်ကို ဘောလွန်းဒီအော်ဆုရှင် ရိုဒရီနဲ့နှိုင်းယှဉ်ချီးကျူးလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးဟာ တောင်ပံကစားသမားသစ် အိုမာ မာမွတ်ရှ်ရဲ့ ဟက်ထရစ်နဲ့အတူ နယူးကာဆယ်ကို အိမ်ကွင်းအီတီဟတ်မှာ ဂိုးပြတ်ချေမှုန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့လာမာစီယာထုတ်ကုန် ဂွန်ဇာလက်ဇ်ကလည်း အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး မန်စီးတီးလိုအပ်နေတဲ့နေရာကို ဖြည့်ဆည်းပေးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက “နီကိုက ကျွန်တော်တို့ကို အများကြီးကူညီနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်နဲ့ ဘောလုံးယှဉ်လုရတဲ့အချိန်တွေမှာ သူပဲအနိုင်ရခဲ့ပြီး ကစားကွက်ကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ အနာဂတ်အတွက် အရမ်းကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တာပါပဲ။ အသက်-၂၃ နှစ်ပဲရှိသေးပေမယ့် သူကစားနေတာ ရိုဒရီအတိုင်းပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါ်တိုမှ အီတီဟတ်သို့ ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဂွန်ဇာလက်ဇ်ဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ မန်စီးတီးအတွက် ခြေစွမ်းပြသကစားနိုင်ခဲ့ပြီး ဘောလုံးပေးပို့မှု ၁၀၃ မှာ အကြိမ် ၁၀၀ အထိ တိကျမှန်ကန်ခဲ့ပါတယ်။ ဒါကြောင့် စပိန်သားဟာ ရာသီကုန်အထိအနားယူသွားရမယ့် ရိုဒရီရဲ့နေရာကို အကောင်းဆုံးဖြည့်ဆည်းကစားပေးနိုင်ဖို့ အလားအလာကောင်းတွေရှိနေပါတယ်။
ဂွန်ဇာလက်ဇ်သာမက နောက်ထပ်ကစားသမားသစ်တစ်ဦးဖြစ်တဲ့ မာမွတ်ရှ်ကလည်း ယခုပွဲစဉ်မှာ မန်စီးတီးကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကိုရယူနိုင်ခဲ့ပြီး အထူးခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက “မာမွတ်ရှ်က ဂျာမနီမှာကတည်းက အလွန်အဆင့်အတန်းမြင့်တဲ့ ကစားပုံကို ပြသထားခဲ့ပါတယ်။ မယုံနိုင်လောက်စရာ အမြန်နှုန်းနဲ့ အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။
အရည်အသွေးမြင့်ပြီး နေရာယူပုံတွေကလည်း အံ့မခန်းပါပဲ။ ဒီဟက်ထရစ်က သူ့ကို ယုံကြည်မှုတွေအများကြီးပေးနိုင်ပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး တတိယနေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ ရမှတ် ၃ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။