
အီတီဟက်သို့ ချဲလ်ဆီးကစားသမားအဖြစ် ရောက်လာတဲ့အခါမှာ ထူးဆန်းတယ်လို့ ခံစားမိနေတဲ့ ပယ်လ်မာ
စနေနေ့မှာ ချဲလ်ဆီး ကစားသမားအဖြစ် မန်စီးတီးသို့ ပြန်သွားရခြင်းဟာ ထူးဆန်းတယ်လို့ ပယ်လ်မာက ဝန်ခံခဲ့ပါတယ်။
ပယ်လ်မာဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် လန်ဒန်အနောက်ဘက်သို့ အံ့အားသင့်ဖွယ်အပြောင်းအရွှေ့ပြီးနောက် အီတီဟက်သို့ ပထမဆုံးပြန်လာမှုဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးသို့ ကနဦးပေါင်သန်း ၄၀ နှင့် ဖြစ်နိုင်ချေရှိတဲ့ အပိုဆုကြေးများ ပေါင် ၂.၅ သန်း ဖြင့်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၁၂ ဂိုး သွင်းယူဟာ သူ့ရဲ့တန်ကြေးအတွက် ထိုက်တန်ကြောင်း သက်သေပြသထားပါတယ်။
"ဒီနေရာသို့ မြန်မြန်ဆန်ဆန် ရောက်သွားတာကို ကျွန်တော် အံ့သြမိပါတယ်။ ဒါပေမယ့် ကျွန်တော် အောင်မြင်ဖို့အတွက် အမြဲတမ်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေပါတယ်" "ကျွန်တော် အီတီဟက်သို့ ပြန်သွားဖို့ မျှော်လင့်နေပါတယ်။ ဒါဟာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒါကို စောင့်မျှော်နေပြီး အသင်းကလည်း စောင့်မျှော်နေမှာပါ" "ထူးဆန်းနေပေမယ့် ရိုးရိုးသားသားပြောရရင် အရမ်းစိတ်လှုပ်ရှားမိပါတယ်" "ကျွန်တော် သူတို့ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တုန်းက သိသာပါတယ်။ ဒါပေမယ့် အီသီဟက်ကို ပြန်သွားရင် ပိုထူးဆန်းလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပယ်မာက ကလပ်၏ တရားဝင်ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ နိုဝင်ဘာလတွင် စတန်းဖို့ဒ်ဘရစ်ချ်မှာ ၄-၄ ဂိုးဖြင့် သရေကျခဲ့ပြီး ပွဲပြီးခါနီး ၅ မိနစ်တွင် ပယ်လ်မာက ပင်နယ်တီမှ ချေပဂိုးပြန်လည် ရရှိခဲ့ပါတယ်။ ပယ်လ်မာရဲ့ ချဲလ်ဆီးသွင်းဂိုး ၁၀ ဂိုးဟာ ပရီးမီးယားလိဂ်မှာ ရရှိထားတာဖြစ်ပြီး သူ့ရဲ့ပုံစံကြောင့် ဒီနွေရာသီ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ လူစာရင်းရှိ နေရာအတွက် ပြိုင်ဆိုင်မှုလုပ်ထားနိုင်ပါတယ်။
"ကျွန်တော့်မိသားစုနဲ့အတူ ဒီကိုလာဖို့ ဆုံးဖြတ်လိုက်တာက တကယ့်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ" လို့ အသက် ၈ နှစ် အရွယ်တွင် မန်စီးတီးသို့ ရောက်ရှိခဲ့ပြီး ကွန်မြူနတီဒိုင်းနှင့် စူပါဖလားဖိုင်နယ်တွင် မန်ချက်စတာအခြေစိုက်ကလပ်အတွက် သွင်းဂိုးများဖြင့် ရာသီကိုစတင်ခဲ့တဲ့ ပယ်လ်မာက ပြောကြားခဲ့ပါတယ်။ "ဒါပေမယ့် တစ်ပတ်အတွင်း ကစားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရပါတယ်" "ဒါကြောင့် ကလပ်နဲ့ ကျွန်တော့်ကို ပံ့ပိုးပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်"
"နည်းပြ ပိုချက်တီနိုက ကျွန်တော့်ကို လွတ်လပ်မှုတွေပေးပြီးစတန်းဖို့ဒ်ဘရစ်ချ်သို့ရောက်ကတည်းက ကလပ်က အခွင့်အလမ်းတွေပေးကာ အသင်းဖော်တွေကလည်း အများကြီးအကူအညီပေးကြပါတယ်" "ဒါကြောင့် ဒီမှာ မြန်မြန်အသားကျပြီး ကျွန်တော် ပျော်ရွင်နေပါတယ်" လို့ ပယ်လ်မာက ပြောပါတယ်။
ချဲလ်ဆီးဟာ ပိုချက်တီနိုရဲ့လက်အောက်မှာ ခြေစွမ်းမတည်ငြိမ်မှုတွေရှိခဲ့ပြီး လက်ရှိပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေကာ ထိပ်ဆုံးက လီဗာပူးနှင့် ရမှတ် ၂၀ မှတ် မန်စီးတီးနဲ့ ၁၈ မှတ်ကွာဟနေပါတယ်။ ဒါပေမယ့် အက်ဖ်အေဖလားမှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်တို့ကို ဆက်တိုက်အနိုင်ရထားတာကြောင့် ချဲလ်ဆီးဟာ ဂွါဒီယိုလာရဲ့အသင်းနဲ့ပွဲမှာ ယုံကြည်မှုရှိနေမှာပါ။
ပယ်လ်မာက "နည်းပြက ကျွန်တော်တို့ကို နေ့တိုင်းကူညီပေးပါတယ်။ ဘာလုပ်ရမယ်ဆိုတာ ပြောကြားပါတယ်" "ကျွန်တော်တို့ အစည်းအဝေးတွေရှိသလို သူကလည်း ကျွန်တော်တို့ကို ယုံကြည်ပြီး ကျွန်တော်တို့ကလည်း ကိုယ့်ကိုကိုယ် ယုံကြည်ပါတယ်" "အကောင်းဆုံးမလုပ်နိုင်တဲ့အခါ လူတိုင်းက ပြောကြလိမ့်မှာဖြစ်ပြီး ဒါပေမယ့် ကျွန်တော်တို့က အဲဒါကို တားဆီးဖို့ ကိုယ့်ကိုကိုယ် အာရုံစိုက်ဖို့ပဲလိုပါတယ်" လို့ ပြောပါတယ်။