The network connection is lost.

Banner Image

နာပိုလီရဲ့ တစ်တော့ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ပြန်လည်တုံ့ပြန်လာတဲ့ အိုဆီမင်

နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်က ၎င်းကိုလှောင်ပြောင်တဲ့ အနေနဲ့ အသင်းရဲ့ တစ်တော့ပေါ်တင်ခဲ့တဲ့ ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေတော့ဘဲ တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ‌ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး အိုဆီမင်ရဲ့ အေးဂျင့်ကလည်း နာပိုလီအသင်းကို တရားဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ယခုအခါ အဆိုပါ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာမှာပျံ့နှံ့နေပြီး အထူးသဖြင့် ဒုတိယဗီဒီယိုမှာ ကစားသမားကို လူမျိုးရေးခွဲခြားမှုတစ်ခုအဖြစ် အုန်းသီးနဲ့ နှိုင်းယှဉ်ဖော်ပြထားတာဖြစ်ပါတယ်။ ပြဿနာကြောင့် ကစားသမားနဲ့ နာပိုလီတို့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သော်လည်း နာပိုလီကတော့ ပြန်လည်တောင်းပန်ဖို့ ပြုလုပ်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ကြာသပတေးနေ့က နောက်ဆုံးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အိုဆီမင်ကလည်း ယခုပြဿနာအပေါ် နာပိုလီအသင်းရဲ့ကိုင်တွယ်ပုံကို စိတ်ပျက်နေပြီး ယမန်နေ့က တုံ့ပြန်ပြောဆိုမှုတွေနဲ့ ယခုလို ဗီဒီယိုတွေကနေ ဝေးကွာ‌စေရန် အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်စစ်မှူးက "၂၀၂၀ ခုနှစ်မှာ ဒီမြို့ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်းကောင်းပါတယ်။ နာပိုလီကလူတွေက ကျွန်တော့်ကို အချစ်တွေပေးပြီး ကြင်ကြင်နာနာဆက်ဆံခဲ့တာကြောင့် ကျွန်တော်တို့ကြားမှာ ဘာကိုမှ ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး။ သူတို့ရဲ့ဘောလုံးအပေါ်မှာထားတဲ့ စိတ်အားထက်သန်မှု လောင်စာက ကျွန်တော့်ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ် မီးကို အားကောင်းစွာတောက်လောက်စေတာကြောင့် ကျွန်တော်ဟာအသင်းအတွက် အရာရာပေးဆပ်ပြီးကစားခဲ့ပါတယ်။ ဒီအသင်းရဲ့ အင်္ကျီကိုဝတ်ထားတာကြောင့် ဒီအသင်းရဲ့တံဆိပ်ကို ချစ်မြတ်နိုးပြီးသားပါ။ ဒီမြို့မှာ ကျွန်တော့်သူငယ်ချင်းတွေအများကြီးရှိပါတယ်။ သူတို့က ကျွန်တော့်ရဲ့ မိသားစုဝင်တွေဖြစ်လာကြပြီး နေ့စဉ်ဘဝမှာ အရေးပါတဲ့သူတွေပါ။ ကျွန်တော့်ကို ဆက်သွယ်ပြီး ထောက်ခံမှုတွေပြုလုပ်ခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စည်းလုံးမှု၊ လေးစားမှုနဲ့ နားလည်မှုတွေရရှိဖို့ ပံ့ပိုးပေးကြရအောင်" လို့ရေးသားမျှဝေခဲ့ပါတယ်။

အိုဆီမင်ဟာ နာပိုလီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ထံမှ သီးသန့်တောင်းပန်မှုကို ရရှိထားပြီးဖြစ်တယ်လို့ ယူဆရပြီး ကလပ်ရဲ့ ဆိုရှယ်မီဒီယာအမှုဆောင် အရာရှိမှာ ၎င်းရဲ့ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ မကြာသေးမီက အူဒီးနီးစ်နဲ့ လက်စီတို့ရဲ့ ပွဲစဉ်တွေမှာ သွင်းဂိုးရယူနိုင်ခဲ့သော်လည်း အောင်ပွဲခံခဲ့ခြင်းမရှိတဲ့အပြင် ပင်နယ်တီကန်ရမယ့် အခွင့်အရေးကိုလည်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မနက်မှာ နာပိုလီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။